သက်တံ့
၃. ၁၁. ၂၀၂၆
အရှေ့အလယ်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များကို ကိုးကားလျက် အိမ်ထောင်စုများအနေဖြင့် အနည်းဆုံး ၇၂ နာရီ (၃ ရက်) ခံနိုင်ရည်ရှိစေရန် စားသောက်ကုန်၊ ရေ၊ ဆေးဝါးနှင့် မရှိမဖြစ် လိုအပ်သော ပစ္စည်းများပါဝင်သည့် အရေးပေါ်အိတ်များကို ကြိုတင်ပြင်ဆင်ထားကြရန် ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးဌာန (DDPM) က တိုက်တွန်းလိုက်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခအခြေအနေများကြောင့် နိုင်ငံအများအပြားက ၎င်းတို့၏ နိုင်ငံသားများအား မရှိမဖြစ် လိုအပ်သော ပစ္စည်းများကို သုံးရက်စာ ကြိုတင်စုဆောင်းထားရန် အကြံပြုထားကြကြောင်း DDPM ၏ ညွှန်ကြားရေးမှူးချုပ် နီရတ် ပေါင်စစ်သီသဝန် (Nirat Pongsitthithavorn) က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် ယင်းကဲ့သို့သော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများစာရင်းတွင် ပါဝင်ခြင်း မရှိသေးသော်လည်း မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါ လူတို့ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အရေးပေါ်အိတ်ပြင်ဆင်ခြင်းသည် အခြေခံအကျဆုံး ကြိုတင်ကာကွယ်မှုတစ်ရပ် ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အဆိုပါ အရေးပေါ်အိတ်များကို နိုင်ငံတကာ ပဋိပက္ခများအတွက်သာမက ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများ၊ မီးလောင်မှုများ၊ အဓိကရုဏ်းများနှင့် အခြားသော အရေးပေါ်အခြေအနေများအတွက်ပါ ရည်ရွယ်ပြင်ဆင်ထားခြင်း ဖြစ်သည်။
DDPM ၏ ဖော်ပြချက်အရ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ပထမဆုံး ၇၂ နာရီသည် အထူးအရေးကြီးဆုံးဖြစ်ပြီး တာဝန်ရှိသူများက အကူအညီများ စုဆောင်းပေးလာသည်အထိ ထိခိုက်ခံစားရသည့် ဒေသခံများအနေဖြင့် မိမိဘာသာ ရပ်တည်ရှင်သန်ကြရမည် ဖြစ်သည်။
အိမ်ထောင်စုတိုင်းအနေဖြင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းကဏ္ဍ ခြောက်ရပ်ပါဝင်သည့် အရေးပေါ်အိတ်တစ်လုံးကို ပြင်ဆင်ထားကြရန် အဆိုပါဌာနက အကြံပြုထားပြီး ထိုပစ္စည်းများမှာ
၁။ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းများ – ရှေးဦးသူနာပြုစုရေး ပစ္စည်းကိရိယာများ၊ အခြေခံဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရသည့် ဆေးဝါးများနှင့် ကျန်းမာရေး မှတ်တမ်းများ။
၂။ အစားအသောက်နှင့် ရေ – တစ်ဦးလျှင် တစ်ရက်လျှင် အနည်းဆုံး သောက်ရေသည် ၃ လီတာ၊ အသင့်စားသုံးနိုင်သော အစားအစာများနှင့် စွမ်းအင်မြင့် အဆာပြေမုန့်များ၊ ကလေးသူကြီးများ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအရ အထူးလိုအပ်သူများအတွက် အထူးစားသောက်ကုန်များ။
၃။ ဆက်သွယ်ရေး ကိရိယာများနှင့် ပစ္စည်းကိရိယာများ – လက်ကိုင်ဖုန်းများ၊ ပါဝါဘဏ်များ (Power banks)၊ လက်နှိပ်ဓာတ်မီးများ၊ အရန်ဘက်ထရီများ၊ ဘက်ထရီသုံး ရေဒီယိုများ၊ ဝီစီ (Whistles)၊ ဖယောင်းတိုင်များ၊ မီးခြစ်များ၊ မှတ်စုစာအုပ်များ၊ ဘောပင်များ၊ အိတ်ဆောင်ဓားများ၊ ကတ်ကြေးများ၊ ကြိုးများနှင့် တိပ်ခွေများ။
၄။ အရေးကြီး စာရွက်စာတမ်းများနှင့် ငွေသား – ရေစိုခံအိတ်များတွင် ထည့်ထားရမည့် မှတ်ပုံတင်မိတ္တူများ၊ အိမ်ထောင်စုစာရင်း စာရွက်စာတမ်းများ၊ ကျန်းမာရေး အာမခံကတ်ပြားများ၊ ယာဉ်မောင်းလိုင်စင်များ၊ ဘဏ်စာအုပ်များနှင့် မြေယာပိုင်ဆိုင်မှု စာချုပ်များ၊ အရန်သော့များနှင့် အီလက်ထရောနစ် ငွေပေးချေမှုစနစ်များ အလုပ်မလုပ်တော့သည့် အခြေအနေအတွက် ငွေသားများ။
၅။ ကိုယ်ရေးကိုယ်တာ သန့်ရှင်းရေး ပစ္စည်းများ – တစ်ရှူးများ၊ သွားတိုက်တံများ၊ သွားတိုက်ဆေး၊ ရေချိုးခန်းသုံး ပစ္စည်းများနှင့် အမှိုက်အိတ်များနှင့်
၆။ အဝတ်အထည်နှင့် အမိုးအကာ လိုအပ်ချက်များ – အရန်အဝတ်အစားများ၊ မိုးကာအင်္ကျီများ၊ ဦးထုပ်များ၊ စောင်များနှင့် အိပ်ရာအိတ်များ (Sleeping bags) ဖြစ်ပြီး သဘာဝဘေးအန္တရာယ်၊ ဆိုက်ဘာစစ်ပွဲ သို့မဟုတ် နိုင်ငံတကာ ပဋိပက္ခစသည့် မည်သည့်ခြိမ်းခြောက်မှုမျိုးမဆို ချက်ချင်း ရွှေ့ပြောင်းတိမ်းရှောင်နိုင်ရန် အိမ်ထောင်စုတိုင်းက အရေးပေါ်အိတ်တစ်လုံးကို အသင့်ပြင်ဆင်ထားသင့်ကြောင်း နီရတ်က ပြောကြားခဲ့သည်။
ထိုအရေးပေါ်အိတ်ကို အလွယ်တကူ ယူဆောင်နိုင်ပြီး ရေစိုခံသည့်အိတ်ကို အသုံးပြုရန်၊ အလွယ်တကူ ယူလို့ရမည့် နေရာတွင် သိမ်းဆည်းရန်နှင့် ပစ္စည်းများ ပျက်စီးခြင်း ရှိမရှိနှင့် သက်တမ်းကုန်ဆုံးရက်များကို ပုံမှန်စစ်ဆေးရန် ၎င်းက အကြံပြုထားသည်။
ထို့အပြင် ဖြစ်ပေါ်လာနိုင်ချေရှိသော အရေးပေါ်အခြေအနေများကို တုံ့ပြန်နိုင်ရန်အတွက် ဘေးအန္တရာယ်တုံ့ပြန်ရေး ပစ္စည်းကိရိယာများ၊ အရေးပေါ် ဝန်ထမ်းများနှင့် Cell Broadcast သတိပေးချက်များ အပါအဝင် ကြိုတင်သတိပေးသည့် စနစ်များကို ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း DDPM က ပြောကြားခဲ့သည်။
ယင်းအပြင် ပြည်သူလူထုကို ကာကွယ်ရန်အတွက် အရေးပေါ် တုံ့ပြန်ရေးနှင့် ကယ်ဆယ်ရေး အစီအစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။
Ref: Khaosod