
ပုလဲ (NP News)- နိုဝင်ဘာ ၃
ကျောက်ဖြူတွင် ကြက်ဥတစ်လုံးလျှင် (၂၀ဝဝ)ကျပ်အထိပေးဝယ်နေရကြောင်း ဒေသခံများထံ NP News မှမေးမြန်းထားချက်များအရသိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ကုန်စည်ဝင် ထွက်မှုများပိတ်ဆို့နေပြီး အခြေခံစားသောက်ကုန်များကို ရန်ကုန်မြို့မှ လေကြောင်းနှင့်ရေကြောင်းတို့မှ တစ်ဆင့် မှာယူစားသောက်နေရသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်းသိရ သည်။
“အားလုံးကို ရန်ကုန်က မှာစားနေရတယ်။ လေယာဉ်နဲ့မှာစားရတယ်။ သင်္ဘောနဲ့မှာစားရတယ်။ ကျောက်ဖြူမြို့ကို ဘယ်ကမှ ဝင်လို့ထွက်လို့မရဘူး။ ဘာပစ္စည်းမှ၊ ကန်စွန်းရွက်တို့၊ ငါးတို့ လာရောင်းလို့ လည်းမရဘူး။ မြို့လုံခြုံရေးအရ အားလုံးပိတ်ထားလို့လေ။ စိုက်ပျိုးစားရအောင်ကလည်း မြေမရှိဘူး လေ။ မွေးမြူရအောင်ကလည်း တိရစ္ဆာန်အစားအစာတွေ မရှိတော့ ဘာမှလုပ်လို့မရဘူး။ ပင်လယ်ထဲက လည်း ဆင်းမရဘူး။ လုံခြုံရေးအရအဆင်းမခံဘူး”ဟု ကျောက်ဖြူဒေသခံတစ်ဦးက NP News သို့ ပြော သည်။
ကြက်ဥတစ်လုံးလျှင် ငွေကျပ် (၁,၂၀ဝ) ခန့်ရှိပြီး သင်္ဘောမရောက်သည့်အချိန်တွင် ငွေကျပ် (၁,၅၀ဝ) မှ (၂ယဝဝဝ)အထိမြင့်တက်နေကြောင်းသိရ သည်။ ထို့အတူ ဝက်သား၊ အမဲသား၊ ဆိတ်သား နှင့် ငါးတစ်ပိဿာလျှင် ကျပ် (၇၀,ဝဝဝ)မှ (၈၀,ဝဝဝ) ဝန်းကျင်အထိရှိနေပြီး ကြက်တစ်ကောင်လျှင် ကျပ် တစ်သိန်းကျော်အထိပေးဝယ်နေရကြောင်းလည်း ၎င်းကပြောသည်။
“ကြက်ဥကအစ ရန်ကုန်ကနေ မှာစားနေရတာ။ ကြက်ဥတစ်လုံးက ရန်ကုန်က သင်္ဘောရောက် လာရင် (၁၂၀ဝ)၊ မရောက်ရင် (၁၅၀ဝ၊ ၂၀ဝဝ)။ ဝက်သားက တစ်ပိဿာကို (၇၀ဝဝဝ၊ ၈၀ဝဝဝ) ပေါ့။ ကြက်ကအကြီးတစ်ကောင်ကို တစ်သိန်းကျော်တယ်။ တစ်ပိဿာကို တစ်သိန်းလောက်သွားကျတာပေါ့။ အမဲကလည်း (၇၀ဝဝဝ၊ ၈၀ဝဝဝ)ပဲ။ ဆိတ်ဆိုရင်တော့ တစ်ပိဿာကို (၇၀ဝဝဝ၊ ၈၀ဝဝဝ)ဖြစ်မှာပေါ့။ ငါး က အကောင်ကြီးတော့ သိပ်မရှိဘူး။ အကောင်သေးသေးလေးတွေက ပင်လယ်ကမ်းစပ်နားလောက်မှာ ပိုက်တွေဘာတွေ၊ ငါးမျှားတာတို့ဘာတို့ကရတာကို တစ်ပိဿာကလည်း (၇၀ဝဝဝ၊ ၈၀ဝဝဝ)ပေါ့”ဟု အထက်ပါဒေသခံကပြောသည်။
ထို့ပြင် အမျိုးအစားပေါ်မူတည်၍ ဆန်တစ်အိတ်လျှင် (၁) သိန်းခွဲ မှ (၂) သိန်းအထိပေါက်ဈေးရှိ ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၂၀ဝဝဝ) ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
“ဆန်ကနှစ်မျိုးပေါ့။ အကြမ်းက တစ်အိတ်ကို (၁)သိန်းခွဲ။ အကောင်းကျတော့ (၂)သိန်း။ စားအုန်း ဆီတစ်ပိဿာကို (၁၈၀ဝဝ၊ ၂၀ဝဝဝ)”ဟု ပြောသည်။ ထိုသို့ အခြေခံစားသောက်ကုန်များ ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့်အတူ မြို့ပေါ်တွင် ခိုးမှုများလည်းဖြစ်ပွားနေကြောင်း အထက်ပါဒေသခံ ကပြောသည်။
“မြို့ပေါ်မှာတော့ သူခိုးပေါတယ်။ မီးကြိုးတွေကအစဖြတ်ခိုးတယ်။ ခိုပြီးတော့ အခွံခွာပြီးတော့ အထဲကကြေးကို ပိဿာချိန်နဲ့ ရန်ကုန်ကိုပို့ပြီးတော့ ရောင်းစားကြတာပေါ့။ သူခိုးကိုမိတယ်လို့လည်း တစ်ခါမှ အသံမကြားရဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မီးကြိုးအခိုးခံရတယ်။ အိမ်ထောင်ပရိဘောဂ တွေက ခိုးလည်း သူခိုးက ထားမယ့်နေရာမရှိဘူး။ ကျောက်ဖြူမှာက ဝယ်မယ့်သူလည်းမရှိတော့ သက် သာတယ်။ ထင်းတွေဘာတွေမရှိတော့ သူများအိမ်ဖျက်၊ ခြံစည်းရိုးဖျက်ပြီးတော့ထင်းအဖြစ် သုံကြ တာ”ဟုပြောသည်။
(၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်းပြီးနောက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ဒေသခံ များအနက် ငွေကြေးတတ်နိုင်သူများသည် ရန်ကုန်အပါအဝင် အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင် ကြရာ ကျန်ရှိနေသူအများစုမှာ လက်လုပ်လက်စားများဖြစ်ပြီး စားဝတ်နေရေးအခြေအနေမှာ ပိုမို ခက်ခဲလာနေကြောင်းသိရသည်။
“ကျောက်ဖြူမှာကျန်ခဲ့တာက လက်လုပ်လက်စားလေးတွေပဲ၊ ချမ်းသာတဲ့လူတွေ တစ်ယောက် မှမရှိဘူး။ ဝန်ထမ်းတွေဆိုပိုဆိုးတာပေါ့။ ရတဲ့လစာနဲ့ ဘယ်လိုမှမလောက်ဘူး”ဟု ၎င်းကပြောသည်။