
Porsche သည် ၎င်းတို့၏ ထိပ်တန်း အထူးု customer များအတွက် ရည်ရွယ်ကာ ဒီဇိုင်းတစ်မျိုးလျှင် တစ်စင်းစီသာ ထုတ်မည့် Hypercar ၁၅ စင်း ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိသည်။
ထို ၁၅ စင်းလုံးကို အရာရာ လုံးဝအသစ် ထုတ်လုပ်သွားမည်ဖြစ်သည်။
အနိမ့်ဆုံးဈေး ဂဏန်း ၇ လုံး (ဒေါ်လာ သန်းဂဏန်း) ရှိမည်ဖြစ်ပြီး အချို့မှာ ဒေါ်လာ ၁၅ သန်းအထိ တန်ကြေးရှိမည်ဟု ဆိုသည်။
((ဒေါ်လာသန်းချီ တန်ကြေးရှိတဲ့ Porsche hypercar တွေဆီက ဘာတွေ မျှော်လင့်လို့ရလဲ))
Porsche ၏ သီးသန့် Sonderwunsch (ဂျာမန်ဘာသာအားဖြင့် အထူးတောင်းဆိုချက်ဟု အဓိပ္ပာယ်ရသည်) ဌာနခွဲမှတဆင့် အဆိုပါ တမူထူးသည့် ကား ၁၅ စင်းကို ထုတ်လုပ်မည် ဖြစ်သည်။
Porsche ၏ Individualisation and Classic ဌာနမှ ဒုတိယဥက္ကဋ္ဌ အလက်ဇန်းဒါး ဖာဗစ် (Alexander Fabig) ၏ ပြောကြားချက်အရ ယခုကဲ့သို့ အထူးမှာယူမှုအရ ထုတ်လုပ်သော ကားများမှာ အလွန်ဈေးကြီးကြောင်း၊ ဒေါ်လာ ၂ သန်းနီးပါးမှသည် ဒေါ်လာ ၁၅ သန်းခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။
ထိုကားများ၏ ပုံပန်းသွင်ပြင် မည်သို့ရှိမည်ကိုမူ မသိရချေ။ သို့သော် 911 (သို့မဟုတ်) Porsche Mission S တို့ကို အခြေခံဖွယ်ရှိသည်ဟု ယူဆရသည်။

(ဓာတ်ပုံ- Sonderwunsch)
မည်သည့်အချိန်တွင် အပြီးသတ်ထုတ်လုပ်မည်ကိုလည်း တရားဝင် အတည်ပြုမထားသေး။
သို့သော် မနက်ဖြန် သဘက် ချက်ချင်းထွက်လာဖွယ်မရှိဟု ယူဆရသည်။
ယခုကဲ့သို့ စီမံကိန်းများမှာ အချိန်ယူရသည်။ ထို့ကြောင့် ယခုစတင်ပြောဆိုနေပြီဆိုလျှင် နောင် ၂ နှစ် (သို့မဟုတ်) သုံးနှစ်ကြာမှ အပြီးသတ်ထုတ်လုပ်နိုင်သည်ကို တွေ့ရဖွယ်ရှိသည်။
((Porsche က Sonderwunsch ဌာနခွဲကို ဘာကြောင့်တည်ထောင်ခဲ့တာလဲ))
သမားရိုးကျ အထူးအော်ဒါ ထုတ်လုပ်မှုများတွင် သတ်မှတ်ဆေးရောင်နှင့် စိတ်ကြိုက် သားရေထိုင်ခုံ အပြင်အဆင်ကိစ္စများသာ လုပ်ဆောင်ခဲ့သော်လည်း Sonderwunsch ဌာနခွဲမှာ စစ်ကြိုခေတ် (ဒုတိယကမ္ဘာစစ်မတိုင်မီ) က ဂန္ထဝင် ကားကိုယ်ထည် ဖန်တီးသူများ၏ ပုံစံအတိုင်း လည်ပတ်ဆောင်ရွက်သည်။
Sonderwunsch မှ အင်ဂျင်နီယာများသည် ကိုယ်ထည်ပြားများကို ဒီဇိုင်းအသစ်ဆွဲခြင်း၊ ကား၏ chassis ကို modify လုပ်ခြင်းနှင့် drivetrain (မောင်းနှင်မှုစနစ်) ကို အထူး ထုတ်လုပ်ခြင်းတို့ လုပ်ဆောင်ခြင်းအားဖြင့် Porsche ၏ lineup တွင် လုံးဝမရှိသေးသော ကားများကို ထုတ်လုပ်ကြသည်။
Project တစ်ခုတိုင်းကို တစ်စင်းသာ ထုတ်လုပ်မည့် အထူးစီမံကိန်းသဖွယ် သဘောထား ဆောင်ရွက်ကြသည်။

(ဓာတ်ပုံ Sonderwunsch)
ယခုကဲ့သို့ စိတ်ကြိုက်ထုတ်လုပ်မှုကဏ္ဍဘက်သို့ ဦးလှည့်လာခြင်းမှာ ကားထုတ်လုပ်ရေးနယ်တွင် ကြီးမားသည့် အရွေ့တစ်ခု ဖြစ်ပေါ်နေမှုကို ပြသနေသည်။
Luxury brand အားလုံးသည် exclusive ဖြစ်မှု၏နောက်တွင် အမြတ်ရရှိမှု ရှိနေကြောင်း ယခုအခါ သိလာနေပြီ ဖြစ်သည်။

(ဓာတ်ပုံ-Sonderwunsch)
"ချမ်းသာသူတွေက ပိုပိုပြီး ချမ်းသာလာနေကြတယ်" ဟူသော စကားမှာ လက်သုံးစကားတစ်ခုမျှသာ မဟုတ်ချေ။
ကားလောကတွင်လည်း ထိုသဘောတရားရှိနေပြီး ကမ္ဘာ့လားရာကလည်း ထိုအခြေအနေကို ထောက်ခံ အတည်ပြု နေသည်။
လေလံပွဲများတွင် လေလံအောင် ဈေးနှုန်းများမှာ နှစ်တိုင်း စံချိန်ချိုးနေပြီး အနိမ့်ဆုံးဈေးမှာလည်း တက်လာနေသည်။
မဝေးသေးသော ကာလတစ်ခုက ဒေါ်လာ သိန်းဂဏန်းတန်ကြေးရှိသော ကားကို ဈေးကြီးသည်ဟု ယူဆခဲ့ကြသည်။
ဒေါ်လာ သန်းဂဏန်းရှိသော ကားကို သမားရိုးကျ မဟုတ်သောဖြစ်ရပ်ဟု ရှုမြင်ခဲ့ကာ ဂဏန်း ၈ လုံးတန်ကြေးရှိသော ကားကိုဆိုလျှင် မဖြစ်နိုင်သည့်အရာအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယနေ့ခေတ်တွင်မူ ရုပ်မပေါက်လှသည့် Sedan များနှင့် SUV များသည်ပင် ဒေါ်လာ သိန်းဂဏန်း ပေးနေရပြီ ဖြစ်သည်။

(ဓာတ်ပုံ Sonderwunsch)
Ref: Porsche is building 15 one-off cars for ultra-rich customers with one that could cost as much as $15M (supercarblondie)