Myanmar Digital News

တရုတ်ရေတပ်ဆေးရုံသင်္ဘော ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်ရန် တိုဂိုနိုင်ငံသို့ ရောက်ရှိ

လိုမီ   နိုဝင်ဘာ   ၃

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ဆေးရုံသင်္ဘော Auspicious Ark သည် ချစ်ကြည်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် တိုဂိုနိုင်ငံ   မြို့တော်လိုမီသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်သည်  အဆိုပါရေတပ် ဆေးရုံသင်္ဘောအတွက်   တိုဂိုနိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်သည်။

Mission Harmony-2026  ဟု ခေါ်ဆိုသည့် ဆေးကုသရေးမစ်ရှင်ကို ဆောင်ရွက်နေသည့် ဆေးရုံသင်္ဘောပေါ်တွင် ဒေသခံလူနာများအား  ဆေးကုသမှုဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့ တစ်ဖွဲ့ကမူ  ဆေးပညာရပ်ဆိုင်ရာ  အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်ရန်  တိုဂိုနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ဆေးရုံတစ်ခုသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

၎င်းခရီးစဉ်အတွင်း သင်္ဘောပေါ်၌ ဧည့်ခံပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကာ နှစ်နိုင်ငံ  တပ်မတော်တပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစေရေးအတွက် ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲကိုလည်း ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် တိုဂိုနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်တည်ထောင်သည့် ၁၉၇၂ ခုနှစ်မှစတင်၍  ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ကာ   ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်၍ နှစ်နိုင်ငံ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင်  နှစ်နိုင်ငံဆက်ဆံရေးကို “ခေတ်သစ်အတွက် မျှဝေခံစားသည့်အနာဂတ်ရှိသည့် တရုတ်-တိုဂို အသိုက်အဝန်း” အဆင့်သို့ တိုးမြှင့်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ကြေညာခဲ့သည်။         

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News