Myanmar Transparency News

တောင်ကိုရီးယားက လာမည့်နှစ်တွင် AI နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲမှု စံချိန်တင်အဖြစ် နှစ်ဆတိုးမြှင့်မည်

သက်တံ့
၃. ၁၁. ၂၀၂၆

တောင်ကိုရီးယားနိုင်ငံသည် လာမည့် ၂၀၂၇ ခုနှစ်တွင် AI ( ဉာဏ်ရည်တု ) နှင့် ဆီမီးကွန်ဒတ်တာ (တစ်ပိုင်းလျှပ်ကူးပစ္စည်း) ကဏ္ဍများ၌ အသုံးပြုမည့် အသုံးစရိတ်ကို စံချိန်တင်အဖြစ် နှစ်ဆတိုးမြှင့်သွားမည်ဖြစ်ပြီး၊ အဆိုပါ နည်းပညာများကို အသုံးပြု၍ စစ်တပ်ကို ခေတ်မီဆန်းသစ်ပြီး ထိပ်တန်းအဆင့်မီ တပ်မတော် အဖြစ် ပြောင်းလဲသွားမည်ဟု သမ္မတလီဂျေးမြောင်က ကတိပြုပြောကြားခဲ့သည်။

သမ္မတ လီဂျေးမြောင်က လွှတ်တော်သို့ မနေ့က တင်သွင်းသည့် နှစ်စဉ် ဘတ်ဂျက်မိန့်ခွန်းတွင် ဒေတာစင်တာများမှသည် စက်ရုပ်နည်းပညာအထိ ပါဝင်သော ချစ်ပ်ပြားထုတ်လုပ်ရေးနှင့် AI ကဏ္ဍအတွက် ဝမ် ၂၁ ဒသမ ၃ ထရီလီယံ ( ဒေါ်လာ ၁၆ ဘီလီယံ) လျာထား ကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ စီးပွားရေး တိုးတက်မှုစွမ်းအားကို မြှင့်တင်ရန်အတွက် AI နှင့် အနာဂတ် တိုးတက်မှုမောင်းနှင်အား ကဏ္ဍများတွင် ရဲရဲဝံ့ဝံ့ ရင်းနှီးမြှုပ်နှံသွားပါမည်” ဟု ၎င်းက ပြောကြားခဲ့ပြီး၊ ထိုပမာဏသည် “ယခုနှစ် အသုံးစရိတ်၏ နှစ်ဆနီးပါး” ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ကာကွယ်ရေးဘတ်ဂျက်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် ယခုနှစ်ထက် ၈ ရာခိုင်နှုန်းခန့် တိုးမြှင့်ကာ ဝမ် ၇၃ ဒသမ ၃ တြီလီယံ ( ဒေါ်လာ ၅၄ ဒသမ ၅ ဘီလီယံ) ထိ တိုးမြှင့်ရန် လျာထားပြီး၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများနှင့် KF-21 တိုက်လေယာဉ်များကို ပိုင်ဆိုင်ရရှိရန် ရည်ရွယ်ထားသည်။

လီက ပြောကြားရာတွင် ဆိုးလ်အနေဖြင့် “AI၊ စက်ရုပ်များနှင့် ဒရုန်းများကို အခြေခံသည့် လူနှင့် လူမဲ့စနစ် ပေါင်းစပ်ထိန်းချုပ်မှုများကို ထူထောင်ခြင်းဖြင့် လက်ရှိစစ်တပ်ကို ထက်မြက်ပြီး ထိပ်တန်းအဆင့်မီ တပ်မတော်အဖြစ် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ပြောင်းလဲသွားရန်” ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့သည်။

ခြုံငုံကြည့်လျှင် ၂၀၂၇ ဘတ်ဂျက်စီမံကိန်း စုစုပေါင်းသည် ဝမ် ၈၂၁ ထရီလီယံ ရှိပြီး ယခင်နှစ်ထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာကာ သမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး ဘတ်ဂျက်အဆိုပြုချက် ဖြစ်လာခဲ့သည်။

သမ္မတ လီအနေဖြင့် ယခု ဘတ်ဂျက်အဆိုပြုချက်ကို လွှတ်တော်တွင် အတည်ပြုရန် လိုအပ်မည်ဖြစ်သော်လည်း အာဏာရပါတီက လွှတ်တော်တွင် အမတ်နေရာ အများစု ရရှိထားသောကြောင့် အတည်ပြုချက်ရရှိရန် သေချာသလောက် ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လက လီသည် မဟာစီမံကိန်းသုံးခု (“Three mega-projects”) ကို ဗဟိုပြုသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ရာ — ယင်းတို့မှာ ချစ်ပ်ပြားထုတ်လုပ်မှု ဗဟိုဌာနများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ရန်၊ စက်ရုပ်သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနများ ထူထောင်ရန်နှင့် ဂစ်ဂါဝပ်အဆင့်ရှိ AI ဒေတာစင်တာများ တည်ဆောက်ရန်တို့ ဖြစ်ကြသည်။ ထိုစဉ်က အစိုးရသည် တောင်ကိုရီးယား၏ ဂျီဒီပီ (GDP) သုံးပုံနှစ်ပုံကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံနီးပါး ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်များကို ထုတ်ဖော်ပြသခဲ့သည်။

Samsung နှင့် SK hynix တို့သည်လည်း ဇွန်လတွင် တောင်ကိုရီးယား၌ ဝမ် ၄,၇၅၅ ထရီလီယံကျော် (ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံ) အထိ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ပြီး၊ ယင်းမှာ စီးပွားရေးလုပ်ငန်းကြီးများ၏ နိုင်ငံအတွင်း စံချိန်တင် ရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်လာခဲ့သည်။

AI အခြေခံအဆောက်အအုံများအတွက် အပြိုင်အဆိုင် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ကမ္ဘာ့ မန်မိုရီချစ်ပ်ပြား ထောက်ပံ့မှု ကျဉ်းမြောင်းလာသည်နှင့်အမျှ တောင်ကိုရီးယား ချစ်ပ်ပြားထုတ်လုပ်သူများ၏ အမြတ်ငွေနှင့် စတော့ရှယ်ယာဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိသည်။

Ref: Khmer Times

မူရင်းသတင်း — Myanmar Transparency News