၃.၁၁.၂၀၂၆.
Translated by Htwe Ko Tun
နီပေါနိုင်ငံမြို့တော် ကတ္တမန္ဒူမှ ကီလိုမီတာ ၂၅၀ အကွာရှိ Solukhumbu (ဆိုလူခွန်ဘူ) ဒေသအတွင်း ဧဝရတ်တောင်အနီး၊ မြင့်မားသောဒေသတစ်ခုတွင် နိုဝင်ဘာလ ၃ ရက်နံနက်က ရဟတ်ယာဉ် နှစ်စင်း ဆင်းသက်ရန် ပြင်ဆင်နေစဉ် တိုက်မိခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဟိမဝန္တာဒေသတွင်း နိုင်ငံဖြစ်သည့် နီပေါရဲတပ်ဖွဲ့က X လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
ဖြစ်ရပ်၌ သေဆုံးသူမှာ အိန္ဒိယနိုင်ငံသား အသက် ၄၇ နှစ်အရွယ် Vasanth Kumar Balaramaramadu ဆိုသူဖြစ်ကြောင်း Kathmandu Post သတင်းဌာနက ဖော်ပြခဲ့သည်။ ၎င်းသည် ချန်နိုင်းမြို့တွင် နေထိုင်သူဖြစ်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
ရဲတပ်ဖွဲ့က အတည်ပြုထားသည့် ဤဖြစ်ရပ်နှင့် ပတ်သက်သော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ သို့သော် ဤဗီဒီယိုဖိုင်သည် အမှန်တကယ် ဖြစ်ရပ်ဟုတ်၊ မဟုတ်ကို NDTV သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဗီဒီယိုဖိုင်တွင် ရဟတ်ယာဉ် ၂ စင်းသည် မြေပြင်သို့ မဆင်းသက်မီ ၎င်းတို့၏ ပန်ကာရွက်များ တစ်ခုနှင့်တစ်ခု တိုက်မိသွားသည်ကို တွေ့မြင်ရပြီး၊ ထို့နောက် ရဟတ်ယာဉ် ၂ စင်းစလုံးသည် အောက်ခြေရှိ ရေခဲပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အဆိုပါ ရဟတ်ယာဉ် ၂ စင်းမှာ Fishtail Air နှင့် Dynasty Air ကုမ္ပဏီတို့မှ ဖြစ်ကြသည်။
နီပေါနိုင်ငံတွင် ခရီးသွားများ၊ တောင်တက်သမားများနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်းကောင်း ရဟတ်ယာဉ်ငယ်များကို တွင်ကျယ်စွာ အသုံးပြုကြသည်။ နိုင်ငံ၏ ခက်ခဲကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် လျင်မြန်စွာ ပြောင်းလဲတတ်သော ရာသီဥတုအခြေအနေများကြောင့် လေကြောင်းသွားလာရေး လုပ်ငန်းများသည် အလွန်အန္တရာယ်များလှသည်။
ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ် ၁၄ ခုအနက် ၈ ခုသည် နီပေါနိုင်ငံတွင် တည်ရှိပြီး၊ နှစ်စဉ် နိုင်ငံခြားသား တောင်တက်သမားနှင့် ခရီးသွား ထောင်ပေါင်းများစွာ လာရောက်လည်ပတ်ကြသည်။
နီပေါနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ရှိ တောင်တန်းဒေသများတွင် လေထုသိပ်သည်းဆ နည်းပါးခြင်း (လေပါးလွှာခြင်း) ကြောင့် ရဟတ်ယာဉ်များ ပျံသန်းပြေးဆွဲရာတွင် အလွန်ခက်ခဲကြမ်းတမ်းသည်။
လေထုပါးလွှာခြင်းကြောင့် ရဟတ်ယာဉ် ပန်ကာရွက်များအနေဖြင့် တွန်းကန်အားပြုရန် လေ မော်လီကျူး အရေအတွက် နည်းပါးသွားပြီး၊ ရဟတ်ယာဉ်ကို အပေါ်သို့ မြှောက်တင်ပေးနိုင်စွမ်းကို များစွာ လျော့ကျသွားစေသည်။ ထို့ပြင် လေထုသိပ်သည်းဆ နည်းပါးသောနေရာတွင် အင်ဂျင်များ အနေဖြင့် ထိရောက်စွာ လောင်ကျွမ်းမှုဖြစ်ပေါ်စေရန် လိုအပ်သော အောက်ဆီဂျင်ပမာဏကို စုပ်ယူရာ၌ အခက်အခဲရှိလာသဖြင့် ရရှိနိုင်သည့် စွမ်းအား လည်း လျော့နည်းသွားတတ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အိန္ဒိယနိုင်ငံ၊ ဥတ္တရာခန်ပြည်နယ်ရှိ ဘတ်ရီနတ်မြို့မှ ပျံတက်လာသည့် ရဟတ်ယာဉ်တစ်စင်းသည် ပျံတက်ပြီး မကြာမီမှာပင် ပျက်ကျခဲ့ရာ လေယာဉ်မှူးနှင့် ခရီးသည် ငါးဦး အပါအဝင် ရဟတ်ယာဉ်ပေါ်ပါလာသူ ခြောက်ဦးစလုံး သေဆုံးခဲ့ရသည်။ ဘတ်ရီနတ်ဒေသသည် အမြင့်ပေမြင့်မားပြီး လေထုသိပ်သည်းဆ နည်းပါးသည့် နေရာတစ်ခုဖြစ်သောကြောင့် ဤနေရာတွင် လေယာဉ်ပျံသန်းခြင်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။
Ref: NDTV