NP News

မဲခေါင်မြစ်လုံခြုံရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ ဆွေးနွေး

သန့်ဇင် (NP News) - နိုဝင်ဘာ ၄

မဲခေါင်မြစ်လုံခြုံရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson တို့ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယမန်နေ့(နိုဝင်ဘာ ၃ ရက်) မွန်းလွဲပိုင်းက လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson အား ကာကွယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် တို့ပါဝင်သော CLMV အဖွဲ့ဝင်နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ- ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်းတိုးတက် ဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလာားတူ မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွား မည့်အခြေအနေများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည် ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများဖြစ်သော ဒီမိုကရေ စီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံ ရေးနှင့်ပတ်သက်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒနှင့်အညီ အိမ်နီးချင်းကောင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေများနှင့် တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News