
ပုလဲ (NP News) - နိုဝင်ဘာ ၃
အလုပ်သမားရေးရာအငြင်းပွားမှုများကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းနိုင်အရေးအတွက် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှော ဖလှယ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၃ရက်) တွင် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် “အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှုတွေကို ဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေးဆုံးဖြတ်ခြင်းဆောင်ရွက်ခဲ့ကြတဲ့အတွေ့အကြုံတွေကို အပြန်အလှန် မျှဝေဖလှယ်နိုင်ရန်နှင့် နောင်မှာဖြစ်ပွားလာနိုင်တဲ့ အငြင်းပွားမှုတွေကို ပိုမိုမြန်ဆန်စွာနဲ့ ဖြေရှင်းနိုင်မယ့် လုပ်ထုံးလုပ်နည်းများသတ်မှတ်နိုင်မယ့်အပြင် အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားဒုတိယပိုင်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှုချုပ် ဦးထွန်းမြင့်ဦးက အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းရှင်းလင်းတင် ပြခဲ့ပြီးခုံသမာဓိကောင်စီဝင်တစ်ဦးက ဆွေးနွေးတင်ပြခဲ့ကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်က အလုပ်သမားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်ဆက်ဆံရေးတည်ဆောက်ခြင်းကိစ္စရပ်တို့ကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှုးချုပ်က လူမှုဖူလုံရေးနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အလုပ်သမားဥပဒေသများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် အစုအဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီး ထိုသို့ အုပ်စုတစ်ခုချင်စီ၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ကျန် အဖွဲ့များကလည်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
