
ထိုက်စံ (NP News) - နိုဝင်ဘာ ၄
ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် (၈)နှစ်တာအတွင်း ခြင်ဆီကင်ဆာလူနာ(၃၈) ဦးအား ခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center)သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာ လူနာ(၅)ဦးအား ခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ရာ လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ပြီးခဲ့သည့်(အောက်တိုဘာ ၂၆ ရက်) က ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ လူနာ(၅)ဦးမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ (၅၇) နှစ် အရွယ် အမျိုးသားတစ်ဦး၊ လှိုင်မြို့နယ်မှ (၆၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဟိုပန်မြို့နယ်မှ (၅၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သာကေတမြို့နယ်မှ (၆၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တောင်ကြီးမြို့နယ်မှ (၅၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို (၂၀၁၆) ခုနှစ်တွင် (၃)ဦး၊ (၂၀၁၇) ခုနှစ်တွင် (၃)ဦး၊ (၂၀၁၈) ခုနှစ်တွင် (၄)ဦး၊ (၂၀၁၉) ခုနှစ်တွင် (၁)ဦး၊ (၂၀၂၀) ခုနှစ်တွင် (၁)ဦး၊ (၂၀၂၄) ခုနှစ်တွင် (၃)ဦး၊ (၂၀၂၅) ခုနှစ်တွင် (၁၀) ဦး နှင့် (၂၀၂၆) ခုနှစ် ယခုအချိန်အထိ (၁၃) ဦး စုစုပေါင်း (၃၈) ဦးကို ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည်။
ထို့ပြင် ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်း၌ပင် ခြင်ဆီအစားထိုးကုသမှုများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။