NP News

မြန်မာနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် ဆောင်ရွက်လိုကြောင်း Mr. Wang Yi ပြော

သုတကျော် (NP News) - နိုဝင်ဘာ ၃

မြန်မာနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် တွေ့ဆုံစဥ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ယနေ့ (နိုဝင်ဘာလ ၃ ရက်) တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အခက်အခဲ များကို အတူတကွ ရင်ဆိုင်ဖြေရှင်းခဲ့သည့် ဆွေမျိုးပေါက်ဖော် ညီအစ်ကိုများဖြစ်ကြပြီး အပြန်အလှန် အမှီသဟဲပြုကြသည့် အေးအတူပူအမျှ အသိုက်အဝန်းလည်း ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) လာရောက်ခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အရေးပါသော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း Mr. Wang Yi က ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးရင်ကြားစေ့ရေး အကောင်အထည် ဖော်ခြင်းကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ၏ အစိုးရသစ် လက်ထက်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဦးမော့လာစေရန်တို့ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစဉ်တစိုက် အားကိုးအားထားရသည့် မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် ဆောင်ရွက်လိုကြောင်း Mr. Wang Yi က ပြောသည်။

Mr. Wang Yi က နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီ စီမံဆောင်ရွက်ရန်လိုကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းများကို တည်ငြိမ်စွာအကောင်အထည်ဖော်ရန်လိုကြောင်း၊ စွမ်းအင်နှင့်သဘာဝအရင်းအမြစ် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန်လိုအပ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် မြဝတီမြို့နယ်အတွင်း ရှုပ်ထွေးသောဖြစ်ရပ်များ တစ်ဖန်ပြန်လည်မပေါ်ပေါက်လာစေရန် တားဆီးကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ထိရောက်သော အစီအမံများကို ကျင့်သုံးဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို ကိုင်စွဲလျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် သမားရိုးကျချစ်ကြည်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်တစိုက် စွဲကိုင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မကြာသေးမီက တရုတ်နိုင်ငံသို့ အောင်မြင်စွာ သွားရောက်ခဲ့သည့်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံ၏ အကူအညီပေးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူလက်တွဲ၍ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း ကို အကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်သွားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် အွန်လိုင်း လိမ်လည်မှုများကို အရှိန်အဟုန်မြှင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီ များအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် ကြိုဆိုပါကြောင်း၊ နိုင်ငံတကာစင်မြင့်များတွင် မြန်မာနိုင်ငံအတွက် တရားမျှတစွာ ရပ်တည်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးရေးအတွက် တရုတ်နိုင်ငံနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားသည်။

မူရင်းသတင်း — NP News