
ထိုက်စံ (NP News) - နိုဝင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ မြေဧရိယာ (၃ဝ ဒသမ ၈၅၄)ဧကတွင် ကုန်တင်ကားကြီး ရပ်နားစခန်းနှင့် ကုန်စည်သိုလှောင်ရုံများအပါအဝင် Shopping Mallနှင့် သစ်သီးဝလံဈေးတည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ၊မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့(နိုဝင်ဘာ ၄ ရက်)ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အကွက် အမှတ်/အမည် (၇၉/ဘူတာရုံကွင်း)၊ ဦးပိုင်အမှတ်(၆°)၊ မြေဧရိယာ(၃ဝဒသမ ၈၅၄)ဧကအနက် မြေဧရိယာ(၂၅ဒသမ၃၅၄)ဧက အတွင်း ကုန်တင်ကားကြီး ရပ်နားစခန်းနှင့် ကုန်စည်သိုလှောင်ရုံများ တည်ဆောက်ခြင်း၊ မြေဧရိယာ (၂ ဒသမ ၅၀ ဧက) အတွင်း Shopping Mall တည်ဆောက်ခြင်းနှင့် မြေဧရိယာ (၃) ဧကအတွင်း သစ်သီးဝလံဈေးတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သွင်းနိုင်ပြီး ယနေ့(နိုဝင်ဘာ ၄ ရက်)မှ (၂၀)ရက်အတွင်း လျှောက်လွှာများကို (၅၀၀၀၀)ကျပ်ဖြင့် ရုံချိန်အတွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ လျှောက်လွှာများကို လာမည့် ဒီဇင်ဘာ (၃)ရက်တွင် မော်လမြိုင်မြို့ ၊ မောင်ငံရပ်၊-ကျိုက္ခမီလမ်းရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ လျှောက်ထားရမည်ဖြစ်ပြီး အဆိုပြုလွှာဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ ယှဉ်ပြိုင်သည့်ကုမ္ပဏီမှသာ သိစေအပ်သည့် အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသို့ ထုတ်ဖော်ပြောဆိုခြင်းမပြုကြောင်း သဘောတူညီချက် တင်ပြမှုဖြင့် လျှောက် လွှာရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။