Myanmar Digital News

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ်(၂၃)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ်(၂၃) သင်တန်း ဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ကျောင်းသား ကျောင်းသူ ၂၆၇ ဦးတို့ကို အလုပ်တာဝန် ခန့်အပ်လွှာများ ပေးအပ်ကြသည်။

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကို စတင်ဖွင့်လှစ် သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၉၀၇ ဦး၊ သိပ္ပံဘွဲ့ ၁၇၉၄ ဦး၊ နည်းပညာ B.Tech ဘွဲ့ ၁၃၅ ဦး၊ A.G.T.I ဒီပလိုမာ ၁၁၇၁ ဦး စုစုပေါင်း ၄၀၀၇ ဦး ပြုစု ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မဟာဝိဇ္ဇာဘွဲ့ ၄၄ ဦး၊ မဟာသိပ္ပံဘွဲ့ ၈၆ ဦး၊ မဟာ သုတေသနဘွဲ့ ၃၅ ဦး၊ Ph.D ဘွဲ့ ၁၈ ဦး၊ B.Eဘွဲ့ ၂၆၉ ဦး၊ M.E ဘွဲ့ ၂၀၊ B.Tech ဘွဲ့ ၉၅ ဦး အောင်မြင်မှု ရရှိခဲ့သည့်အပြင် ဘာသာရပ်အလိုက် ဆက်လက် ကြိုးစားသင်ယူဆဲ ကျောင်းသား ကျောင်းသူများ လည်းရှိကြောင်း အဆိုပါပွဲမှ သိရသည်။

 

အဆိုပါပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်က သင်တန်းဆင်းကျောင်းသား ကျောင်းသူများအနေဖြင့် ပညာခေတ်ကြီး၌ ကြီးပြင်းခဲ့ကြသူများဖြစ်သည့်အတွက် အသိပညာ၊ အတတ် ပညာများကို အဆင့်မြင့်မြင့်တတ်မြောက်အောင် ဆက်လက်ကြိုးစား လေ့လာသွားကြရန် လိုအပ်မည် ဖြစ်ပါ‌ကြောင်း၊ မိမိတို့ လေ့လာတက်မြောက်ထားသည့် ပညာရပ်များကို တိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ မိမိတို့လုပ်ငန်းခွင်များတွင် ကြုံတွေ့ရမည့် အခြေအနေများနှင့် ပေါင်းစပ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အမှားအနည်းဆုံးဖြင့် အောင်မြင်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန်၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်စေရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး စသည့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။

 

သင်တန်းဆင်းကျောင်းသား ကျောင်းသူများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်း‌ဆောင် ကြသည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း ကျင့်ဝတ်စည်းကမ်းတန်ဖိုးများကို သိရှိ လိုက်နာပြီး လုပ်ငန်းစွမ်းဆောင်ရည် အပြည့်ဖြင့် မြင့်မားသော စိတ်ဓာတ်၊ မှန်ကန်သောခံယူချက်၊ မြင့်မြတ်သော အကျင့်စာရိတ္တကောင်းများကို လက်ကိုင်ပြု၍ အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးစားထမ်းဆောင်သွားကြရန်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာ သာဘာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသားတစ်ဦးနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူကျောင်းသူ တစ်ဦး တို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက A.G.T.I ဒီပလိုမာထူးချွန်ဆုရရှိသူ တစ်ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

 

မှာကြား

 

ထို့ပြင် ဒီဂရီကောလိပ်အတွင်း အခြေခံစစ်ပညာ သင်တန်းလေ့ကျင့်သင်ကြားနေမှု၊ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် သုံးထပ် ကျောင်းသူအိပ်ဆောင်၊ THEATRE ခန်းမ၌ ကျောင်းပိတ်ရက် လေ့ကျင့်ရေးကာလအတွင်း ကျောင်းသား ကျောင်းသူများ၏ အထွေထွေဗဟုသုတ ယှဉ်ပြိုင်နေမှုနှင့် ဒီဂရီကောလိပ်စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေ ရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News