
ရောင်နီ (NP News) - နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ အလယ်ပိုင်း ချာချိုအင်ဆောင်းပြည်နယ်မှာ ကျင်းပတဲ့ လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုမှာ အသက် (၁၅) နှစ်အရွယ် ထိုင်းလူငယ် ဂေါက်သီးရိုက်အားကစားသမား အေယာဝါရင် “အေယာ” ပရာဒူဘီယတ် ဟာ မိုးကြိုးပစ်ခံရပြီး နိုဝင်ဘာ (၂) ရက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ နိုဝင်ဘာ (၁) ရက် မွန်းလွဲ (၄) နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် (၃၁) နှစ်အရွယ်အမျိုးသမီး ဂေါက်သီးအိတ်ထမ်းဝန်ထမ်း တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသမှု ခံယူနေရပါတယ်။ မိုးကြိုးတွေ ပစ်ခတ်နေတဲ့ကြားက ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုခဲ့တဲ့အပြင် ဂေါက်ကွင်းမှာ လူနာတင်ယာဉ် မရှိတာကြောင့် ဆေးရုံကို အချိန်မီ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ သေဆုံးသူ မိန်းကလေးရဲ့ မိသားစုက မေးခွန်းထုတ်ဝေဖန်ထားပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေရောက်ရှိချိန်မှာ အေယာ ဟာ သတိလစ်မေ့မြောနေပြီး နှလုံးခုန် ရပ်တန့်နေတာကြောင့် အခင်းဖြစ်ပွားရာ နေရာမှာတင် အသက်ရှူစက်နဲ့ အရေးပေါ်ကယ်ဆယ်ရေး (CPR) ပြုလုပ်ပေးခဲ့ပြီးနောက် Bang Nam Priao ဆေးရုံနဲ့ အဲဒီမှတစ်ဆင့် Buddhasothorn ဆေးရုံကိုပြောင်းရွှေ့ ကုသပေးခဲ့ပါတယ်။ တစ်ညလုံး အထူးကြပ်မတ်ကုသခဲ့ပေမယ့်လည်း နိုဝင်ဘာ (၂) ရက် နံနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ မိခင်ဖြစ်သူ နက်ချာ (၄၉ နှစ်) ရဲ့ ပြောကြားချက်အရ မွန်းလွဲ ၃ နာရီခန့်ကတည်းက ဂေါက်ကွင်း ဘေးပတ်လည်မှာ မိုးကြိုးတွေ ဆက်တိုက် ပစ်ခတ်နေခဲ့ပေမယ့် တာဝန်ရှိသူတွေက ပြိုင်ပွဲကို ရပ်နားဖို့ ညွှန်ကြားခြင်း မရှိခဲ့ဘဲ မိုးသည်းထန်စွာ ရွာသွန်းမှသာပြိုင်ပွဲကို ဆိုင်းငံ့ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းရဲ့ သမီးဖြစ်သူဟာ ၁၁ ခုမြောက် ကျင်းမှာ ရောက်ရှိနေစဉ် မိုးကြိုးတိုက်ရိုက် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ လက်ခြေတွေမှာ ပြင်းထန် လောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အေယာ ဟာ ပြည်နယ်အဆင့် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာ ဆွတ်ခူးထားတဲ့ ထူးချွန်သူတစ်ဦးဖြစ်ပြီး ချွန်ဘူရီ ပြည်နယ် ဂေါက်သီးရိုက် အသင်းရဲ့အရန်အားကစားသမားအဖြစ် ရွေးချယ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။
