NP News

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ နေရာအများစုတွင် အနိုင်ရနေ

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄

နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီသည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်စလုံးတွင် အများစုနေရာများကို အနိုင်ရရှိခဲ့ကြပြီး သမ္မတဒေါ်နယ်ထရမ့်အတွက် အပြင်းအထန်ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ကာ ရီပတ်ဘလီကန်ပါတီတို့၏ အခိုင်မာနယ်မြေများအထိပါ အောင်ပွဲများ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

သန်းပေါင်းများစွာသော မဲဆန္ဒရှင်များက သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအပေါ် ပြင်းထန်သော ကန့်ကွက်ရှုတ်ချမှုများကို မဲလက်မှတ်များဖြင့် တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာ(၄)ရက်နေ့ နေလည် (၁၂) နာရီအထိ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်နေရာ(၅၂)နေရာ အနိုင်ရထားပြီး ရီပတ်ဘလီကန်ပါတီက (၄၁)နေရာ အနိုင်ရထားကြောင်း သိရသည်။
ထို့အပြင် အောက်လွှတ်တော်တွင်လည်း ဒီမိုကရက်တစ်ပါတီက ၂၀၂ နေရာ အနိုင်ရထားပြီး ရီပတ်ဘလီကန်ပါတီက ၁၁၉ နေရာ အနိုင်ရထားကြောင်း သိရသည်။

ဒီမိုကရက်တို့၏ အောင်ပွဲလှိုင်း၏ အကျယ်အဝန်းနှင့်အတိုင်းအတာကို ဆက်လက်ဆန်းစစ်နေဆဲဖြစ်သော်လည်း ယခင်က မရရှိနိုင်ဟု ယူဆထားခဲ့ကြသော တောင်ကယ်ရိုလိုင်းနား၊ တက္ကဆပ်နှင့် အိုင်အိုဝါကဲ့သို့သော ရှေးရိုးစွဲ အမာခံပြည်နယ်များတွင်ပါ ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ဒီမိုကရက်တို့ အနိုင်ရရှိလာခြင်းမှာ သမ္မတထရမ့်၏ စီးပွားရေးကို ကိုင်တွယ်ပုံနှင့် ဖေဖော်ဝါရီလအတွင်းက အီရန်နိုင်ငံအပေါ်စစ်ပွဲဆင်နွှဲရန် ဆုံးဖြတ်ခဲ့မှုတို့ကြောင့် လောင်စာဆီဈေးနှုန်းများ ရုတ်တရက်မြင့်တက်လာခဲ့ရခြင်းအပေါ် မဲဆန္ဒရှင်များ၏ မကျေနပ်ချက်များကို ပေါ်လွင်စေခဲ့သည်။ လူထုသဘောထား စစ်တမ်းများစွာတွင်လည်း မဲဆန္ဒရှင်များသည် ကုန်ကျစရိတ်ကြီးမြင့်မှုအပေါ် စိုးရိမ်ပူပန်နေကြပြီး သမ္မတထရမ့်၏ ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် ဒေါသထွက်နေကြကြောင်း ဖော်ပြနေသည်။

မူရင်းသတင်း — NP News