NP News

ဂျပန်နိုင်ငံရဲ့ Anime ဈေးကွက် ၂၀၂၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ(၃၆) ဘီလီယံနဲ့ စံချိန်တင် မြင့်တက်

ရောင်နီ (NP News) - နိုဝင်ဘာ ၃

ဂျပန်နိုင်ငံရဲ့ Anime စျေးကွက်ဟာ ပြည်ပတင်ပို့ ရောင်းချမှု အားကောင်းလာခြင်းကြောင့် ၂၀၂၅ ခုနှစ်မှာ ယန်း ၄.၄၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ) အထိ ရောက်ရှိခဲ့ကာ ယခင်က စံချိန်တင်ခဲ့တဲ့ ယန်း ၄ ထရီလီယံ အမှတ် အသားကို ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့တယ်လို့ ဂျပန်အန်နီမေးရှင်းအသင်း (AJA) က အောက်တိုဘာ (၃၀) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ၂၀၁၅ ခုနှစ်က စျေးကွက်ပမာဏ ယန်း ၁.၈ ထရီလီယံ ရှိခဲ့ရာမှ (၁၀) နှစ်အတွင်း နှစ်ဆကျော် မြင့်တက် လာခဲ့တာဖြစ်ပြီး၊ ပြည်ပမှ ဝင်ငွေ ယန်း ၂.၅၄ ထရီလီယံအထိ ရှိလာတယ်လို့ အသင်းရဲ့ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။ ကမ္ဘာ့ကပ်ရောဂါအလွန် ကာလအတွင်း Netflix လို အွန်လိုင်းကြည့်ရှုရေး (Streaming) ဝန်ဆောင်မှုတွေ လျင်မြန်စွာ ကျယ်ပြန့်လာခြင်းက နိုင်ငံအတွင်းနဲ့ နိုင်ငံတကာ ပရိသတ်တွေအတွက် ဂျပန်ကာတွန်းဇာတ်လမ်းတွေကို ပိုမိုလွယ်ကူစွာ ကြည့်ရှုနိုင်စေခဲ့ပြီး ယခုလို ကြီးထွားလာမှုကို အဓိက တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
လူကြိုက်များတဲ့ မန်ဂါ (Manga) ဇာတ်လမ်းတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ Demon Slayer: Kimetsu No Yaiba Infinity Castle (၂၀၂၅) ရုပ်ရှင်ကားဟာလည်း ၂၀၂၅ ခုနှစ်အတွင်း စက်မှုလုပ်ငန်း တိုးတက်မှုအတွက် အဓိက အထောက် အကူပြုခဲ့တဲ့ လက်ရာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ "ဂျပန်အန်နီမေးရှင်းတွေဟာ ကမ္ဘာတစ်ဝန်းမှာ ပိုပြီး ရင်းနှီးလာတာနဲ့အမျှ စျေးကွက်နဲ့ အလားအလာတွေကလည်း ပိုမို ကျယ်ပြန့်လာပါတယ်" လို့ တိုကျိုမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ အသင်းရဲ့ ဥက္ကဋ္ဌ ကာဇူကိုအစ်ရှီကာဝါ က ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရကလည်း ဂိမ်း၊ Anime၊ မန်ဂါ စတဲ့ဖျော်ဖြေရေး အကြောင်းအရာတွေ ရဲ့ ပြည်ပတင်ပို့မှုကို ၂၀၂၃ ခုနှစ်မှာ ယန်း ၅.၈ ထရီလီယံ ရှိခဲ့ရာမှ ၂၀၃၃ ခုနှစ်မှာ ယန်း ၂၀ ထရီလီယံအထိ တိုးမြှင့်သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News