NP News

Disney က ဝန်ထမ်းထောင်ပေါင်းများစွာ အလုပ်ဖြုတ်ဖို့ စီစဉ်နေ၊ မန်နေဂျာတွေကို ကုန်ကျစရိတ် (၂၀) ရာခိုင်နှုန်းလျှော့ချဖို့ ညွှန်ကြားထား

ရောင်နီ (NP News) - နိုဝင်ဘာ ၃

ဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Walt Disney ဟာ ဝန်ထမ်းထောင်ပေါင်းများစွာကို အလုပ်မှ ထုတ်ပယ်ဖို့ စီစဉ်နေပြီး၊ အချို့ မန်နေဂျာတွေကို နှစ်အလိုက် ကုန်ကျစရိတ် (၂၀) ရာခိုင်နှုန်း လျှော့ချဖို့ ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
အဆိုပါ ကုန်ကျစရိတ် (၂၀) ရာခိုင်နှုန်း လျှော့ချမှုမှာ အသုံးစရိတ်တွကို လျှော့ချခြင်းအပြင် ဝန်ထမ်းအင်အား ဖြတ်တောက်ခြင်းတွေလည်း ပါဝင်နိုင်ပြီး အပန်းဖြေဥယျာဉ်တွေ၊ရုပ်ရှင်စတူဒီယိုတွေနဲ့ ရုပ်သံလိုင်းတွေ အပါအဝင် Disney ရဲ့လုပ်ငန်းလည်ပတ်မှု အစိတ်အပိုင်း အများအပြား ပါဝင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အမှုဆောင်အရာရှိချုပ် ဂျိုးဆက်ဒီအမာရိုက အသုံးစရိတ် လျှော့ချခြင်းမှ သက်သာလာမယ့် ငွေကြေးအချို့ကို ရုပ်ရှင်နဲ့ ရုပ်သံပရိုဂရမ်တွေ၊ နည်းပညာ၊ အပန်းဖြေဥယျာဉ်တွေနဲ့ အပျော်စီးသင်္ဘော လုပ်ငန်းတွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ Disney ဟာ မကြာသေးမီ နှစ်တွေအတွင်းကလည်း ဘီလီယံနဲ့ ချီတဲ့ ကုန်ကျစရိတ်တွေကို လျှော့ချခဲ့ပြီး ABC၊ Pixar၊ ESPN၊ ရုပ်ရှင်စတူဒီယိုတွေနဲ့ ဧည့်ခံဖျော်ဖြေရေးဌာနခွဲတွေမှာ ဝန်ထမ်းနေရာ ထောင်ပေါင်းများစွာကို ဖြတ်တောက် ခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် အဆုံးစာရင်းတွေအရ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဝန်ထမ်းပေါင်း ၂၃၁,၀၀၀ ဦး ရှိတယ်လို့ သိရပါတယ်။
ရိုးရာရုပ်မြင်သံကြားလုပ်ငန်းတွေမှ ဝင်ငွေတွေ ကျဆင်းလာခြင်း၊ Streaming တိုးတက်မှု နှေးကွေးလာခြင်းနဲ့ ပရိသတ်တွေရဲ့အာရုံစိုက်မှု ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဘက်ကို ပိုမိုပြောင်းလဲလာကြခြင်းတို့ကြောင့် Netflix၊ Sony Pictures နဲ့ Warner Bros. စတဲ့ အခြားဖျော်ဖြေရေးကုမ္ပဏီကြီးတွေလည်း အလားတူ လုပ်ငန်းအင်အား ဖြတ်တောက်မှု တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News