ရောင်နီ (NP News) - နိုဝင်ဘာ ၃
အိန္ဒိယနိုင်ငံ၊ ဘန်ဂလာရုမြို့ရှိ 5 star အဆင့်မီ Conrad Bengaluru ဟိုတယ်ရဲ့ရေကူးကန်အတွင်းမှာ လျှပ်စစ်ဓာတ်လိုက်မှုကြောင့် ဂျာမနီနိုင်ငံသားတစ်ဦးနဲ့ ဆလိုဗက်ကီးယားနိုင်ငံသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသူတွေဟာ Lufthansa လေကြောင်းလိုင်း လေယာဉ်အဖွဲ့ဝင် ဂျာမနီနိုင်ငံသား အလက်ဇန်းဒါးမက် စီမီလီယန်သီးစစ် (၅၇ နှစ်) နဲ့ IBM ကုမ္ပဏီမှ ပရောဂျက်မန်နေဂျာ ဆလိုဗက်ကီးယားနိုင်ငံသား ဂျူရက်ဟော်ဗက် (၄၅) နှစ်တို့ဖြစ်ကြပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဟိုတယ်ရဲ့တတိယထပ်ရှိ ရေကူးကန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ရေကန်အတွင်း ဒုက္ခရောက်နေသူတွေကို ဝင်ရောက်ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ အမေရိကန်နိုင်ငံသား ဧည့်သည်တစ်ဦးနဲ့ ဟိုတယ်ရေကူးကန် ဝန်ထမ်းတစ်ဦးတို့လည်း လျှပ်စစ်ဓာတ်လိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့မိသားစုက ဟိုတယ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ပေါ့ဆမှုကြောင့် အခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဆီ တိုင်ကြားထားပြီး၊ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆေးပညာဆိုင်ရာတာဝန်ရှိသူတွေက ရေကူးကန်ဧရိယာကို ပိတ်ဆို့ကာ လျှပ်စစ်ဓာတ်အား ယိုစိမ့်မှု အပါအဝင် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။