NP News

ပြည်တွင်း စားသုံးမှုထက် ပိုလျှံနေသော မြန်မာ့ထောပတ်သီးကို တရုတ်သို့ တင်ပို့နိုင်ရန် စီစဉ်နေဟုဆို

စိမ့်စမ်း‌ရေ (NP News) - နိုဝင်ဘာလ ၄

မြန်မာနိုင်ငံတွင် ထောပတ်သီးမှာ ပြည် တွင်းစားသုံးနိုင်သည့် ပမာဏထက်ပိုလျှံနေသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်စီစဉ်နေကြောင်း မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက NP News သို့ပြောသည်။
" ထောပတ်သီး တန် (၂) သောင်းလောက် ထွက်တယ်။ ပြည်တွင်းစားသုံးတာက တန်(၇၀ဝ)၊ (၈၀ဝ) လောက်ပဲရှိတာ။ ပိုလျှံနေတဲ့ထောပတ်သီး တွေကို တရုတ်ကို တင်ပို့ဖို့ လုပ်ဆောင်နေတယ်" ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ (GACC) ၏ ခွင့်ပြုချက်ရရှိရန် လို အပ်ကြောင်း သိရသည်။
" တရုတ်နဲ့ Export ဆိုရင်(GACC)ခေါ်တာပေါ့နော်။ GACC ဆိုတာ ဒီ ွGeneral Administration of Customs of China ပေါ့ နော်။ အဲဒါက ဘာလဲဆိုတော့ တရုတ်နိုင်ငံရဲ့အ ထွေထွေအကောက်ခွန်အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ပေါ့။ အဲဒီအောက်ကနေပြီးတော့မှ သူက ဘယ်သီးနှံမ ဆိုပေါ့နော် အဲဒီခွင့်ပြုချက်ရမှ ပို့လို့ရတယ်။ အဲဒါကို ဘယ်သူက လုပ်ရလဲဆိုတော့ အစိုးရဌာနချင်း လုပ်ရတယ်ပေါ့။ G to G ပေါ့ ခုနကပြောတဲ့ အ ရောင်းအဝယ် မဟုတ်ဘူး။ သီးနှံပို့ခွင့်ခွင့်ပြုချက်ပေါ့ နော်။ အဲဒီမှာ သူကအဆင့်လိုက်ရှိတယ်ပေါ့။ အဲဒါ လုပ်ပြီးသွားရင် ဥု ပြီဆိုရင် အရောင်းအဝယ် လုပ်ဖို့အတွက် စာချုပ်ချုပ်ဖို့ ပြင်တာပေါ့" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထောပတ်သီးတင်ပို့ရေး အတွက် ပထမအဆင့် မူကြမ်းကို တရုတ်နိုင်ငံဘက်က ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မရှင်းလင်းသည့် အချက်များကို ပြန်လည်မေးမြန်းခဲ့ကာ ဒုတိယအဆင့် မူကြမ်းအထိရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြော သည်။
" ထောပတ်သီးကတော့ MOU Draft အဆင့်ကို ရောက်နေပြီ။ ပထမအဆင့် Draft တို့ဘက်က ပို့ပြီးပြီ။ ပို့လို့ ဒီဘက်ကနေ အဲဒီသူ တို့ပို့တဲ့အချက်တွေပေါ်မှာ အသင်းဘက်ကရော၊ ဝန်ကြီးဌာနဘက်ကရော နှစ်ဖက်လုံးကနေပြီးတော့မှ မရှင်းတဲ့အချက်တွေ ပြန်မေးတယ်။ ပြန်မေးပြီး ဒုတိယအဆင့် Draft ကို ပြန်ရောက်နေပြီပေါ့နော်။ ပြန်ရောက်နေပြီဆိုတော့ အဲဒါတွေ အကုန် သဘော တူပြီဆိုရင်တော့ သိပ်မကြာခင်မှာ အစိုးရ-အစိုးရ ချင်း လက်မှတ်ထိုးလိုက်ပေါ့” ဟု ၎င်းက ပြောသည်။
ထောပတ်သီးများကို တင်ပို့နိုင်ရန် နှစ်နိုင်ငံအစိုးရ အချင်းချင်း သဘောတူညီချက် လက်မှတ်ရေးထိုးရန် သာ ကျန်ရှိတော့ပြီး လက်ရှိတွင် နားလည်မှုစာချွန်လွှာ (MOU)မူကြမ်းကို နှစ်ဖက်ညှိနှိုင်းနေကြောင်း ၎င်းက ပြောသည်။
"ထောပတ်သီးမှာဆို ဒါတွေအကုန်လုံးကို သဘောတူသွားတယ်။ သဘောတူလိုက်တဲ့အတွက် သူတို့က(MOU)ထိုးမယ့်အဆင့်ကို ဆက်သွားတယ်။ အခု(MOU)ကိစ္စပဲ ကျန်တော့တာ။ ထောပတ်သီးက ပိုနီးစပ်တယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် တရုတ်ဘက်မှ မြန်မာနိုင်ငံသို့ လာ ရောက်၍ ပိုးမွှားဆေးစစ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
"ပိုးမွှားဆေးစစ်ချက်မှာ မြန်မာနိုင်ငံကို လာစစ်ပြီးသွားပြီ။ စက်ရုံလာစစ်သွားပြီးပြီ။ ခြံတွေ လာစစ်သွားပြီးပြီ။ မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲခန်းတွေ လာ စစ်သွားပြီးပြီ။ စာချုပ်မူကြမ်းကတော့ ထိုးပြီးသွားပြီ။ သိပ်မကြာခင် တရုတ်နဲ့ တရားဝင်ရတော့မှာပါ" ဟု မြန်မာနိုင်ငံထောပတ်သီးထုတ်လုပ် စိုက်ပျိုးရောင်းချ သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။
မြန်မာနိုင်ငံမှ ထောပတ်သီးများကို ယခင် က ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သော်လည်း ယခု နှစ်မှစ၍ ထိုင်းနိုင်ငံမှ တင်ပို့မှုကို ရပ်ဆိုင်းထားသဖြင့် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း ၎င်းက ပြော သည်။
"နဂိုက ထောပတ်သီးက ထိုင်းကို အများ ဆုံး ပို့တာ၊ တရုတ်ကို မပို့ဘူး။ ထိုင်းကို ပို့နေတဲ့ အချိန်မှာ ထိုင်းက ဒီနှစ်ကစပြီးတော့မှ သူက မြန်မာ တစ်နိုင်ငံတည်းနဲ့တော့ မဟုတ်ဘူး။ မြန်မာ၊ လာအို၊ ဗီယမ်နမ်(၃)နိုင်ငံကို ပို့တဲ့ဟာကို ယာယီ ရပ်ဆိုင်း လိုက်တယ်။ သူတို့ Process လေးတွေ နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းပြီး အဲ့ဒါ ပြီးပြီ ဆိုတော့မှ ပြန်ပို့ခွင့် ပြုမယ်" ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News