
ပုလဲ (NP News) - နိုဝင်ဘာလ ၄
ပြည်ပရောက် မြန်မာလုပ်သားများထံမှ နိုင် ငံခြားငွေ ပြန်လည်ဝင်ရောက်မှုတိုးမြှင့်နိုင်ရေးအတွက် ကြိုးနီစနစ်ဖြေလျှော့ပေးရန်လိုကြောင်း အလုပ်သမား အေဂျင်စီလုပ်ငန်းများနှင့်နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ပြည်ပရောက် မြန်မာလုပ်သား များအနေဖြင့်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပြည်တွင်းသို့ ခွင့်ပြန်လာခြင်းနှင့် ပြည်ပသို့ ပြန်လည် ထွက်ခွာခြင်းတို့တွင် စာရွက်စာတမ်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
" အလုပ်သမားကဏ္ဍမှာ ကြိုးနီက အများ ကြီး။ အလုပ်သမားကဏ္ဍတစ်ခုတည်းတော့ မဟုတ် ဘူးပေါ့နော်။ ဥပမာ မြန်မာ ပြန်လာတယ်။ ခွင့်စာတွေ တောင်းတယ်။ ဂျပန်မှာ တော်ရုံတန်ရုံ စားသောက် ဆိုင်တို့ဘာတို့လုပ်တဲ့သူတွေ ခွင့်စာတောင်းရင် တချို့ ကျတော့လည်း တစ်ပိုင်တစ်နိုင် Management လုပ် တဲ့စားသောက်ဆိုင်တို့။ စက်ရုံလုပ်ငန်းလေးတွေရှိ တယ်။ ဆိုတော့ ခွင့်စာပေးချင်ရင်တောင်မှ သူတို့ဆီ မှာ ထုံးစံ တော်ရုံတန်ရုံမရှိတဲ့အတွက် ဘယ်လို Format နဲ့ပေးရမလဲမသိလို့ မလုပ်ပေးတာတွေရှိတယ်။ ဂျပန် တွေက အရမ်း Restricted ဖြစ်တယ်။ ဒီမှာ ပြန်လာ တဲ့အခါကျတော့ အဲဒီလိုမျိုးခွင့်စာမှမပေးရင် ကလေး တွေက အတုတွေရိုက်ပြီးလာကြတယ်။ အတုတွေ ရိုက်ပြီးလာတဲ့အခါကျတော့ ပြန်ထွက်ခါနီးမှာ အကုန် ဒုက္ခရောက်တယ်"ဟု အထက်ပါသတင်းရင်းမြစ်က NP News သို့ပြောသည်။
ထို့ကြောင့် ပြည်ပမှ ငွေလွှဲပို့ထားကြောင်း အထောက်အထားရှိသူများကို ဌာနဆိုင်ရာလုပ်ငန်း စဉ်များ ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်ပေးသင့်ပြီး မလိုအပ်သည့် စာရွက်စာတမ်းတောင်းခံမှုများကို လျှော့ချရန်လိုအပ် ကြောင်း ၎င်းကပြောသည်။
" လေဆိပ်ရောက်ပြီဆိုရင်လည်း လေဆိပ် မှာအစုံရစ်တယ်။ ပတ်စပို့ထဲမှာ ပိုက်ဆံလေးညှပ်ပေး ရလောက်အောင်မျှော်နေတဲ့အခါကျ ညှပ်ပေးလိုက် ရင်တော့မြန်တယ်။ ညှပ်မပေးလိုက်ရင် အစုံလျှောက် မေးနေတာ။ အဲဒါမျိုးတွေပြင်သင့်တယ်။ ပြန်လာပြီး ရင် ပြန်ထွက်ဖို့ဆိုပြီး နေပြည်တော်ကနေ စာတောင်း ရတယ်။ တကယ်က Remittance လွှဲထားတယ်ဆို တဲ့စာရွက် Confirmation Letter ပဲလိုတယ်တ ကယ်က။ အဲဒါ ပါရင် ကျန်တဲ့ဟာတွေအကုန်လုံးက လွှတ်ပေးသင့်တယ်။ သူတို့ စစ်မှုထမ်းအသက်နဲ့ လည်းအကျုံးဝင်တယ် ဘာညာဆိုရင် အဲဒါကတော့ တစ်မျိုးပေါ့ ။ အဲဒီလိုမဟုတ်ဘူးဆိုရင် ပုံမှန်ကတော့ လွယ်လွယ်ကူကူနဲ့ အကုန်လုပ်လို့ ရသင့်တယ်"ဟု ပြောသည်။
ထို့အတူ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လုပ်ငန်းစဉ်ကြာမြင့်နေမှုကိုလျှော့ချနိုင်ရန် အီးမေးလ် အသုံးပြုကာ မြန်ဆန်လွယ်ကူအောင် ဆောင်ရွက်ပေး သင့်ကြောင်းလည်း ၎င်းကအကြံပြုထားသည်။
" ပတ်စပို့သက်တမ်းတိုးတာ။ သုံးလကြာ တယ်တို့။ ခြောက်လကြာတယ်တို့။ မြန်မာပြည်ကစာ အုပ်ကိုပြန်ထုတ်ပေးတဲ့ဆီကို ပြန်ဆက်သွယ်တာတို့။ နိုင်ငံခြားရေးကတစ်ဆင့် သွားတာတို့။ အဲဒီကနေ ပြန် မလာသေးလို့တို့။ အခုခေတ်က သူတို့ပဲ e-government သွားမယ်ဆိုတဲ့ဟာကြီးရှိနေတာကြီးကို E- mail နဲ့ အသွားအပြန် မြန်မြန်လုပ်လို့မရနိုင်ဘူးလား။ မလုပ်ချင်ဘဲနဲ့ အဲဒီလိုမျိုး ခက်ခဲအောင်လုပ်ထားသ လိုဖြစ်နေတဲ့အခါကျတော့ ငွေလွှဲချင်တဲ့စိတ်က ဘယ် လိုလုပ်ပါတော့မလဲ။ အမှန်ကတော့ စည်းရုံးရေးတစ် ရပ်အနေနဲ့လည်း သေချာလုပ်ပေးရမှာ။ အမှန်က တော့ စည်းရုံးရေးမဟုတ်ပါဘူး။ ဒီဟာတွေက service ဝန်ဆောင်မှုအနေနဲ့ ပေးကိုပေးရမှာ။ နိုင်ငံအတွက် လုပ်ပေးတဲ့လူတွေကို လုပ်ကိုလုပ်ပေးရမယ့်အရာ တွေ"ဟုပြောသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ပြည်ပရောက် လုပ်သားများထံမှ နိုင်ငံခြားငွေ ပြန်လည်ဝင်ရောက်လာ စေရန် ၎င်းတို့ကို ငွေလွှဲရန်တိုက်တွန်းရုံသာမက ငွေ လွှဲပို့မှုနှင့် သက်ဆိုင်သည့်ဝန်ဆောင်မှုများကိုလည်း လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း ၎င်းကအကြံပြုထားသည်။
" ဟိုဘက်မှာ ငွေဈေးကကောင်းနေတယ်။ ဒီဘက်မှာက ပြောင်းလဲမှုလည်းမရှိဘူး။ တော်ရုံတန် ရုံမဆောင်ချင်ကြဘူး၊ မလွှဲချင်ကြဘူး။ ဂျပန်ဆို ခိုင်လုံ တဲ့အကြောင်းရှိလို့ရှိရင် သူက ပတ်စပို့သက်တမ်း မရှိ၊ စာအုပ်မရှိလည်း ဗီဇာတိုးပေးတယ်။ နေထိုင်ခွင့်ပေး တယ် ဆိုတဲ့ဟာမျိုးလေးဖြစ်နေတဲ့အခါကျတော့ မလွှဲ ကြဘူးပေါ့နော်။ မြန်မာပြည်နဲ့မပတ်သက်လည်း ရတယ်ဆိုတဲ့အတွေးအခေါ် ဝင်ကုန်ကြတာ။ အကုန် ခက်အောင်လုပ်ထားတော့လေ မပတ်သက်ချင်ကြ တော့တာ။ အဲဒီတော့ နေလို့ရတဲ့အချိန်အထိနေမယ်။ နောက် တစ်ချိန်မှာ (၅)နှစ်ပြီးရင်လည်း အစိုးရက ပြောင်းသွားမှာပဲ။ ဒါတွေပျောက်သွားမှာပဲ ဆိုပြီးတော့ ခေါင်းထဲကိုဝင်ကုန်ကြတာပေါ့နော်"ဟုပြောသည်။
ထို့ကြောင့် ကြိုးနီစနစ်များကိုလျှော့ချ၍ ငွေလဲလှယ်နှုန်းကို ဈေးကွက်အခြေအနေနှင့်အညီ သတ်မှတ်ပေးခြင်း၊ တရားဝင်ငွေလွှဲစနစ်များကို ပိုမို အဆင်ပြေအောင်ပြုလုပ်ပေးခြင်းနှင့် ပြည်ပရောက် လုပ်သားများအတွက် အခွန်ဆိုင်ရာအကျိုးခံစားခွင့် များစဉ်းစားပေးခြင်းတို့ကိုလည်း ဆောင်ရွက်သင့် ကြောင်း ၎င်းကဆိုသည်။
" နှုန်းလည်း Floating လုပ်ပေးမယ်ဆိုရင် တရားဝင်လမ်းကြောင်းနဲ့ပဲလွှဲမှာ။ အကုန်လုံးက။ အဲဒီ တော့ အဲဒီလို လစာပုံမှန်လွှဲတဲ့လူတွေကို သူတို့တွေကို နိုင်ငံခြားငွေရှာပေးတဲ့အတွက်ကြောင့်မို့လို့ Income Tax ဆိုတဲ့ဟာကြီးကို သူတို့ကိုပေးမဆောင်စေဘဲနဲ့ Incentive ပေးဖို့လိုတယ်။ သူတို့ကို ဘာလုပ်ပေးနိုင် မလဲ နိုင်ငံတော်အနေနဲ့ပေါ့နော်။ ဖြေလျှော့ပေးရမယ်။ ကြိုးနီစနစ်လည်း အများကြီးဖြေလျှော့ပေးဖို့လိုတယ်။ ဥပမာ-သူတို့အတွက်ကို ဘာတွေ နိုင်ငံတော်က ဝန်ဆောင်မှုပေးလို့ရမလဲဆိုတဲ့ကဏ္ဍပေါင်းစုံ စဉ်းစားဖို့လိုတာ" ဟု ပြောသည်။
