
Pika (NP News) - နိုဝင်ဘာလ ၄
တရုတ်နိုင်ငံကို စွပ်စွဲတိုက်ခိုက်မှုတွေလုပ်ဆောင်ကာ အနီရောင်မျဉ်းကိုကျော်လွန်လာနေတဲ့ နိုင်ငံရေးသမားတွေကို ထိန်းချုပ်ဖို့ ဖိလစ်ပိုင်နိုင်ငံကို တရုတ်ထိပ်တန်းသံတမန်ဝမ်ယိက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အချိန်ကာလကြာမြင့်စွာ သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သံတမန်ရေးရာကိစ္စအချို့ကြောင့် တင်းမာမှုတွေပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ဖိလစ်ပိုင်နိုင်ငံက အတားအဆီးများစွာကို ဖန်တီးခဲ့တယ်လို့ တရုတ်အစိုးရကစွပ်စွဲပြောဆိုခဲ့ပေမယ့်လည်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးကတော့ အဲဒီစွပ်စွဲပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအစောပိုင်းတုန်းကလည်း တရုတ်သံအမတ်ကြီးက ဖိလစ်ပိုင်နဲ့တရုတ်ကြား ပဋိပက္ခဖြစ်ပွားလာခဲ့မယ်ဆိုရင် တရုတ်က လွယ်လွယ်ကူကူပဲ အနိုင်ရရှိလိမ့်မယ်လို့ ပြောကြားခဲ့တာကြောင့် ဆင့်ခေါ်တာကိုခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်အချို့ကလည်း တရုတ်သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်ဖို့ တောင်းဆိုတဲ့အထိတောင်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဝမ်ယိက”ဖိလစ်ပိုင်နိုင်ငံရေးသမားအချို့ဟာ တရုတ်နိုင်ငံကို ထပ်ခါတလဲလဲတိုက်ခိုက်မှုတွေနဲ့ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်နေကြပြီး အနီရောင်စည်းမျဉ်းတွေကို ကျော်နေကြပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ဝမ်ယိက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် ဖိလစ်ပိုင်အနေနဲ့လည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေအပေါ် ကြီးကြပ်ကွပ်ကဲမှုတွေကို ပိုမိုအားကောင်းအောင်လုပ်ဆောင်သင့်ပြီး တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒအပေါ်မှာလည်း ကျိုးကြောင်းဆီလျော်ပြီး တစ်သဘောတည်းဖြစ်တဲ့ သဘောထားမျိုးကို ပြသသင့်တယ်လို့ ဝမ်ယိက ပြောကြားခဲ့ပါတယ်။