NP News

လိုက်ပါသွားသူအားလုံး သေဆုံးစေခဲ့တဲ့ ဂျက်လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး ကျား/မရေးရာ အငြင်းပွားမှုပေါ်ပေါက်လာ

Pika (NP News) - နိုဝင်ဘာလ ၄

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ(၉)ဦးသေဆုံးခဲ့တဲ့ဂျက်လေယာဉ်ပျက်ကျမှုကြောင့် မတူကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားတဲ့ဝန်ထမ်းခေါ်ယူရေးဝါဒနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ပေါ်မှာလိုက်ပါသွားတဲ့ အသက်(၂၀)နှစ်အရွယ် တွဲဖက်လေယာဉ်မှူးအမျိုးသမီးက ၎င်းရဲ့အရည်အချင်းကြောင့်မဟုတ်ဘဲ အမျိုးသမီးဖြစ်နေခြင်းကြောင့်သာ အလုပ်ခန့်အပ်ခံခဲ့ရတယ်လို့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေက စွပ်စွဲပြောဆိုလာခဲ့ရာကနေ ဝေဖန်အငြင်းပွားမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အပန်းဖြေစံအိမ်နဲ့ မိုင်အနည်းငယ်အကွာမှာပျက်ကျခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသွားသူအားလုံး သေဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။
ပျက်ကျမှုမတိုင်ခင် လေယာဉ်အမှုထမ်းတွေက ရေဒီယိုကနေတစ်ဆင့် ဆက်သွယ်ပြောခဲ့တဲ့အသံဖိုင်တွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိနေတာလည်းဖြစ်ပါတယ်။
လေယာဉ်မှူးအဖြစ် နာရီပေါင်း(၈၀၀၀)ကျော်ပျံသန်းဖူးတဲ့ အတွေ့အကြုံရှိတဲ့ ဂျဲအိုင်ဆက်မန်းက အထောက်အထားမဲ့ စွပ်စွဲပြောဆိုချက်တွေအားလုံးကို ငြင်းဆန်ပယ်ချခဲ့ပြီး တွဲဖက်လေယာဉ်မှူး Nathalia Filgueirasကို ကာကွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဂျဲအိုင်ဆက်မန်းက” Lear 60 လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ မှတ်ချက်တွေကို ဆက်ကြည့်မနေနိုင်တော့တာကြောင့် အခုလိုမျိုးစာရေးသားဖော်ပြမှုကို လုပ်ခဲ့ရတာပါ။မူဝါဒအကြောင်းပြောဆိုတာမျိုးတွေ၊ဒီအမျိုးသမီးလေးရဲ့နောက်ဆုံးရေဒီယိုဆက်သွယ်ပြောဆိုမှုတွေကအစ ဝေဖန်ပြောဆိုနေတာမျိုးတွေက တကယ်ကိုဆိုးရွားပါတယ်။ မတူကွဲပြားမှု၊တန်းတူညီမျှမှုနဲ့ ပါဝင်ခွင့်မူဝါဒတွေက အမေရိကန်လေကြောင်းကဏ္ဍမှာ အနည်းစုသာရှိနေသေးတဲ့ အမျိုးသမီးတွေအတွက်အပါအဝင် ကိုယ်စားပြုမှုနည်းပါးတဲ့အုပ်စုတွေအတွက် အခွင့်အလမ်းတွေကို တိုးချဲ့ပေးဖို့ ရည်ရွယ်ထားတာပါ” လို့ ပြောခဲ့ပါတယ်။
တရားဝင်ကိန်းဂဏန်းတွေအရ လေကြောင်းသယ်ယူပို့ဆောင်‌ရေး လေယာဉ်မှူးလက်မှတ်ရရှိထားသူတွေအနက် အမျိုးသမီးဦးရေက (၅ ဒသမ ၇) ရာခိုင်နှုန်းသာရှိပြီး စီးပွားဖြစ်လေယာဉ်မောင်းနှင်ခွင့်လက်မှတ်ရရှိထားသူတွေအနက် အမျိုးသမီးအရေအတွက်က (၁၀ ဒသမ ၉) ရာခိုင်နှုန်းသာရှိတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News