Pika (NP News) - နိုဝင်ဘာလ ၄
အမေရိကန်ရဲ့ကြားဖြတ်ရွေးကောက်ပွဲတွေဟာ သမိုင်းတစ်လျှောက် ငွေကြေးအသုံးစရိတ် အများဆုံးဖြစ်လာမယ့် အခြေအနေမှာရှိနေပြီး မဲဆွယ်စည်းရုံးရေးအတွက် အသုံးပြုတဲ့ငွေပမာဏက အမေရိကန်ဒေါ်လာ(၁၂)ဘီလျံနီးပါးရှိလာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ပြီးနောက် OpenSecrets အမည်ရှိစောင့်ကြည့်လေ့လာရေးအဖွဲ့က အခုလိုမျိုးရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိပမာဏက (၂၀၂၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက စံချိန်တင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ(၈ ဒသမ ၉) ဘီလျံထက် အနည်းဆုံး(၂)ဘီလျံလောက် ပိုများလာနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်းတွေဟာ ရီပတ်ဘလစ်ကန်ပါတီက ပြိုင်ဘက်တွေထက် ငွေကြေးပိုမိုသုံးစွဲခဲ့ကြပြီး ဒီမိုကရက်တစ်ဘက်က အမေရိကန်ဒေါ်လာ(၅ဒသမ၅)ဘီလျံသုံးစွဲခန့်ချိန်မှာ ရီပတ်ဘလစ်ကန်ဘက်က အမေရိကန်ဒေါ်လာ(၅ဒသမ၁)ဘီလျံလောက် သုံးစွဲခဲ့တယ်လို့လည်းသိရပါတယ်။
ကြားပါတီကိုယ်စားလှယ်လောင်းတွေကလည်း အမေရိကန်ဒေါ်လာ(၁ဒသမ၃)ဘီလျံလောက်သုံးစွဲခဲ့တယ်လို့ OpenSecretsအဖွဲ့က ရေးသားဖော်ပြခဲ့ပါတယ်။
အသုံးစရိတ်တွေရဲ့အများစုက ပါတီနှစ်ခုစလုံးကို ထောက်ခံအားပေးတဲ့ "Super Political Action Committees" (Super PACs)လို့ ခေါ်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကနေတစ်ဆင့် ရောက်ရှိလာတာလည်းဖြစ်ပါတယ်။
ဥပဒေအရ Super PACs တွေဟာ တစ်သီးပုဂ္ဂလတွေ၊ ကော်ပိုရေးရှင်းတွေနဲ့ အခြားနိုင်ငံရေးကော်မတီတို့ဆီကနေ ငွေကြေးထောက်ပံ့မှုတွေကိုကန့်သက်ချက်မရှိ လက်ခံရယူခွင့်ရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် အဲဒီငွေကြေးတွေကို ကိုယ်စားလှယ်လောင်းတွေဆီ တိုက်ရိုက်ပေးအပ်ခွင့်မရှိပေမယ့်လည်း သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ ထောက်ခံအားပေးရာမှာ လွတ်လပ်စွာ အသုံးပြုခွင့်ရှိတယ်လို့လည်း သိရပါတယ်။