Myanmar Digital News

ကြို့ပင်ကောက်မြို့နယ်၌ ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အယ်လ်နီညိုဒဏ် ကြိုတင်ကာကွယ်ရေးဆွေးနွေး

ကြို့ပင်ကောက် နိုဝင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မင်းအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အယ်လ်နီညိုဒဏ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုဝင်ဘာ ၃ ရက်က ဆောင်ရွက်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ကြက်သွန်နီသည် ဝင်ငွေကောင်းရသောသီးနှံ ဖြစ်ပြီး မင်းအိုကျေးရွာအုပ်စုသည် နုန်းတင်မြေနု မြေအမျိုးအစားဖြစ်ခြင်း၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ခြင်းနှင့် စိုက်ပျိုးမှုဆိုင်ရာ နည်းစနစ်များကို ပညာပေးဆွေးနွေးသည်။ ထို့ပြင် အယ်လ်နီညိုဒဏ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းလမ်းများ၊ နွားကျင်ငယ်ရေ ရွက်ဖျန်းမြေဩဇာပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်နှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်ရေးတို့ကို အသိပညာပေး ဆွေးနွေးသည်။

 

ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဆောင်းသီးနှံ ကြက်သွန်နီစိုက်ဧက ၆၅ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများအား လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

မူရင်းသတင်း — Myanmar Digital News