Myanmar Digital News

CMP လုပ်ငန်းများ၏ လိုအပ်သည်များကို စိစစ်ဖြည့်ဆည်း အားပေးဆောင်ရွက်ရန်လို

မြန်မာနိုင်ငံရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း (Cutting, Making, Packaging - CMP) လုပ်ငန်းများသည် နိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် အလုပ်အကိုင်ဖန်တီးမှုတွင် အဓိကကျသောနေရာမှ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ CMP လုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်းသည် အကြီးမားဆုံးဖြစ်ပြီး ဖိနပ်အမျိုးမျိုးလုပ်ငန်းများ၊ ခရီးဆောင်အိတ်နှင့် အိတ်အမျိုးမျိုးလုပ်ငန်းများ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ခြင်းလုပ်ငန်းများ၊ အလှကုန်၊ လူသုံးကုန်နှင့် ကလေးကစားစရာ ထုတ်လုပ်မှုလုပ်ငန်းများ၊ အားကစားပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများလည်း ပါဝင်သည်။

 

မြန်မာနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေသော အထည်ချုပ်အပါအဝင် စုစုပေါင်း CMP စက်ရုံနှင့် လုပ်ငန်းအရေအတွက် ၇၀၀ ကျော်ရှိရာ အထည်ချုပ်စက်ရုံ ၆၀၀ ခန့်ပါရှိပြီး လုပ်သားအင်အား စုစုပေါင်း ၅ သိန်းမှ ၈ သိန်းကြား ဝင်ရောက်လုပ်ကိုင်နေကြကာ နိုင်ငံ၏ အဓိကပို့ကုန် ဝင်ငွေရကဏ္ဍတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ “စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျှင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြသူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်း အားပေးဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း” အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 

အထည်ချုပ် (CMP) လုပ်ငန်းများနှင့် စက်ရုံများသည် ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်ဇုန်များတွင် အများဆုံးဖြစ်ပြီး ဆိပ်ကမ်းတင်ပို့မှုနှင့် လျှပ်စစ်မီး ပိုမိုကောင်းမွန်သဖြင့် ပြည်ပပို့ကုန် စက်ရုံအများစု စုဝေးလျက်ရှိသည်။ ရန်ကုန်နှင့် အနီးဆုံးဖြစ်ပြီး မြေငှားရမ်းခသက်သာသော ပဲခူးမြို့အနီးဝန်းကျင်၌လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်ရုံများ တိုးပွားလာသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် အလုပ်သမားအင်အား ပေါများပြီး မြေငှားရမ်းခသက်သာသည့် အားသာချက်ကြောင့် ပုသိမ်စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံအချို့ရှိနေကာ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် CMP လုပ်ငန်း အနည်းငယ်စီ တည်ရှိနေသည်။

 

လက်ရှိကာလတွင် မြန်မာနိုင်ငံရှိ CMP လုပ်ငန်းများ (အထူးသဖြင့် အထည်ချုပ်လုပ်ငန်းများ)သည် အော်ဒါရရှိမှု ကျဆင်းလာခြင်း၊ ကုန်ကြမ်းသွင်းရန် ခက်ခဲခြင်းနှင့် လုပ်သားရှားပါးခြင်း စသည့် စိန်ခေါ်မှုများကြောင့် လုပ်ငန်းများ ရေရှည်ရပ်တည်ရန် ရုန်းကန်နေကြရကြောင်း သတင်းအချို့တွင် တွေ့ရှိရသည်။ ထို့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် မူဝါဒ၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် အစားထိုးစွမ်းအင်စရိတ် မြင့်တက်လာခြင်း စသည့် အခက်အခဲများလည်းရှိနေပြီး အစိုးရနှင့် UMFCCI တို့ ပူးပေါင်းညှိနှိုင်း အဖြေရှာ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

 

မြန်မာနိုင်ငံ၏ CMP လုပ်ငန်းများ၊ အထူးသဖြင့် အထည်ချုပ်ကဏ္ဍသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ပြည်ပဝင်ငွေ ရှာဖွေပေးနေသည့် ထိပ်တန်းပို့ကုန်ကဏ္ဍဖြစ်သည်။ ယင်းသည် စုစုပေါင်း စက်မှုကုန်ချောပို့ကုန်ကဏ္ဍတွင် ဝင်ငွေရရှိမှု အမြင့်ဆုံးအဖြစ် ရပ်တည်လျက်ရှိရာ အထည်ချုပ်ကဏ္ဍ ဝင်ငွေအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်သို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံအထိ စံချိန်တင် ရှာဖွေပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ စုစုပေါင်း ပြည်ပပို့ကုန် ကဏ္ဍတစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်းကျော်သည် အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး သဘာဝဓာတ်ငွေ့နှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာမှရရှိသည့် ဝင်ငွေထက် ပိုမိုများပြားသည်။

 

CMP လုပ်ငန်းများသည် လစဉ် အမေရိကန်ဒေါ်လာ သန်း ရာနှင့်ချီ၍ နိုင်ငံခြားငွေ ရှာဖွေပေးနေခြင်းဖြစ်ရာ ယင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်လုပ်ကိုင်နိုင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အသီးသီးတို့က ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုသည်။ CMP လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်းအားဖြင့် လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးကာ နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါမည့်အကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News