NP News

“ဝ”ဒေသသည် ပြည်ထောင်စုမှ ခွဲမထွက်ဘဲ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လိုက်နာမည်ကို သိရသဖြင့် ဝမ်းသာကြောင်း NSPNC ဥက္ကဋ္ဌဆို

သန့်ဇင်(NP News)-နိုဝင်ဘာ ၅

“ဝ”ဒေသသည် ပြည်ထောင်စုမှ ခွဲမထွက်ဘဲ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လိုက်နာမည်ကို သိရသဖြင့် ဝမ်းသာကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်က ပြီးခဲ့သည့် နိုဝင်ဘာ (၃) ရက်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် ပန်ဆန်းမြို့သို့ သွားရောက် ခဲ့ရာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ပန်ဆန်းသို့ ဒုတိယအကြိမ်မြောက် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် “ဝ” ဒေသရှိ ပြည်သူများသည် မိမိတို့ တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ပြည်ထောင်စုမှ ခွဲမထွက်ဘဲ (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လိုက်နာဆောင်ရွက်မည်ကို သိရှိရသည့်အတွက် ဝမ်းသာပါကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။

ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များကို ညှိနှိုင်းပူး‌ပေါင်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုကိစ္စများကို လက်မခံဘဲ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိ သည့်အတွက် ဝမ်းသာပါကြောင်းနှင့် ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။

နိုင်ငံတော်အစိုးရနှင့် နှစ်ပေါင်း (၃၀) ကျော် ငြိမ်းချမ်းရေး တည်ဆောက်ထားရှိပြီးဖြစ်သည့်အတွက် ယုံကြည်မှု ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။

ထို့နောက် UWSP ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် မိမိတို့၏ နိုင်ငံရေးဆန္ဒအား ဆွေးနွေးခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ အကြံပေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် UWSPမှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေ အတွင်း ရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News