NP News

ဒီဇယ်ဆီ၊ သဘာဝဓါတ်ငွေ့နှင့် ဓါတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကို နိုဝင်ဘာ လကုန်အထိ ထပ်မံ တိုးမြှင့်

ထိုက်စံ(NP News)-နိုဝင်ဘာ ၅

ဒီဇယ်ဆီ၊ သဘာဝဓါတ်ငွေ့နှင့် ဓါတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကာလကို(၁)လထပ်မံ တိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ယနေ့(နိုဝင်ဘာ ၅ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေချိန်တွင် စက်သုံးဆီ(ဒီဇယ်ဆီ) အသုံးပြု မောင်းနှင်ရသော မောင်းနှင်ရသော မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြု လျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေ ဖြင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ပြီးခဲ့သည့်(ဧပြီ ၁ ရက်)မှ စက်တင်ဘာ လကုန်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအခွန်ကင်းလွတ်ခွင့်ကာလကို နိုဝင်ဘာလ(၃၀) ရက်အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေချိန်တွင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း နိုဝင်ဘာလကုန်အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရန်တို့အတွက် ဓာတ်မြေ ဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကိုလည်း နိုဝင်ဘာ(၃၀)ရက်အထိ ခွင့်ပြုပေးသွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုဝင်ဘာလကုန်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ် ၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အကျုံးဝင်စေမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News