NP News

ထိုင်းလုပ်ငန်းရှင်များ၏ အမြတ်ဝေစု၊ ချေးငွေကို မိခင်နိုင်ငံသို့ လွှဲပြောင်းခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့နိုင်မည်ဟုဆို

ထိုက်စံ(NP News)-နိုဝင်ဘာ ၅

ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ အမြတ်ဝေစု၊ ချေးငွေတို့ကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်းသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ မှုကို တိုးချဲ့လုပ်ကိုင်ရန် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Tor Saralambaက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်(နိုဝင်ဘာ ၃ ရက်)က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Tor Saralamba က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမြတ်ဝေစု၊ ချေးငွေစသည်တို့ကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်းဖြင့် အဆိုပါငွေကြေးများသည် မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးချဲ့လုပ်ကိုင်ရန်အတွက် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲလာရောက်ဖွင့်လှစ်ထားသော ထိုင်းဘဏ်များသည် မြန်မာနိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းနှင့်မြန်မာကုမ္ပဏီများကို ချေးငွေများထုတ်ချေးပေးရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၏ ပြန်လည်ငွေလွှဲပို့မှုအတွက် တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန်နှင့် ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု များနှင့်စပ်လျဉ်း၍ ငွေကြေးလွှဲပြောင်းမှုများ၊ ငွေပေးချေမှုများချောမွေ့စွာလုပ်ကိုင်နိုင်ရန်အတွက် ဗဟိုဘဏ်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ထို့ပြင် အမြတ်ဝေစုလွှဲပို့ခြင်း၊ ချေးငွေအတွက် အတိုးငွေလွှဲပို့ခြင်းများကို လုပ်ငန်းလုပ်ထုံးလုပ်နည်း ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏အခြေအနေပေါ်မူတည်၍ နိုင်ငံခြားငွေလက်ကျန်သတ်မှတ်ခြင်းကို အမြဲတမ်း သုံးသပ်လျက်ရှိပြီး ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်သော အလုပ်သမားများ ပြန်လည်ငွေလွှဲပေးပို့ခြင်း (Worker Remittance) နှင့် ပတ်သက်၍ တရားမဝင်ငွေလွှဲပို့မှုကို အားပေးသကဲ့သို့ မဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News