Myanmar Digital News

မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့်အလိုရှိတရားခံပြေး တစ်ဦး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်


နေပြည်တော် နိုဝင်ဘာ ၄

 

မြန်မာနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးအား ထိုင်းနိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် တရားခံနှစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ တရားခံ ခြောက်ဦးနှင့်အတူ စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းဖြူ ၁၆ ဒသမ ၃၉၆ ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၉ ဒသမ ၄၉၅၃၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့သည်။ 

 

အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ အဓိကစီမံခန့်ခွဲသူမှာ အောင်ဇော်မင်းခန့် ၄၂ နှစ်၊ ကံကောက်ရပ်ကွက် ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာသွားကြောင်း သိရှိရသဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) သို့ သတင်းဖလှယ်ပေးပို့ခဲ့သည်။

 

ထိုသို့ သတင်းဖလှယ်ချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက် တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် လူဝင်မှုကြီးကြပ်ရေး ဗျူရိုတို့ ပူးပေါင်းအဖွဲ့မှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး အောင်ဇော်မင်းခန့်အား ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဟွိုင်ခွမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ တားဆီးဌာနမှူး Mr. Kanison Papernon ဦးဆောင်သည့်အဖွဲ့မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်လင်း ဦးဆောင်သည့် အဖွဲ့ထံသို့ ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်ချမှတ်ပြီး ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ နောက်ကွယ်မှ ကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ဆက်စပ်တရားခံပြေးများအား အိမ်နီးချင်းနိုင်ငံများ၊ MoU အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး တစ်ဦးတို့ကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ယခုကဲ့သို့ မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နိုင်ငံဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများအား အပြန်အလှန် ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေသည့်အပြင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News