Myanmar Digital News

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံး၌ နေရာအများစု  အနိုင်ရရှိမည်ဟု ခန့်မှန်း

ဝါရှင်တန်   နိုဝင်ဘာ   ၄

အမေရိကန်နိုင်ငံ၌ ယခုကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်လွှတ်တော်၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်စလုံးတွင် နေရာအများစုရရှိမည်ဟု ABC News က ခန့်မှန်းဖော်ပြခဲ့သည်။   အဆိုပါရလဒ်သည်   သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလီကန်ပါတီအတွက် ကြီးမားသော နိုင်ငံရေး ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။

 အမေရိကန်နိုင်ငံတစ်ဝန်း၌ မဲရေတွက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သော်လည်း မဲဆန္ဒနယ်အများအပြား၏ ရလဒ် များကို အတည်ပြုခန့်မှန်းနိုင်ခဲ့ပြီဖြစ်သည်။ အထက်လွှတ်တော်တွင် စုစုပေါင်းအမတ်နေရာ ၁၀၀ အနက်  သုံးပုံတစ်ပုံခန့် အတွက် ရွေးကောက်ပွဲကျင်းပခဲ့ရာ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၅၄ နေရာရရှိကာ အများစုအနိုင်ရရှိခဲ့ကြောင်း ABC News က ခန့်မှန်းထားသည်။  အောက်လွှတ်တော်တွင်လည်း   ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၂၂၄ နေရာရရှိမည်ဟု ခန့်မှန်းထားပြီး  အများစုရရှိရန် လိုအပ်သည့် အရေအတွက်ကို ကျော်လွန်ခဲ့သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲကို သမ္မတထရမ့်၏ အုပ်ချုပ်ရေးအပေါ် ပြည်သူများ၏ ထောက်ခံမှုနှင့် သဘောထားကို တိုင်းတာသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြသည်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများတွင် စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ရွေးကောက်ပွဲမတိုင်မီက ရီပတ်ဘလီကန်ပါတီက သမ္မတရာထူးအပြင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ကိုပါ ထိန်းချုပ်ထားခဲ့သည်။ ယခုရလဒ်အရ ကွန်ဂရက်လွှတ်တော်ကို ရီပတ်ဘလီကန်ပါတီက ဆက်လက်ထိန်းချုပ်နိုင်တော့မည်မဟုတ်သည့်အတွက် သမ္မတထရမ့်အနေဖြင့် ၎င်း၏မူဝါဒများကို အကောင်အထည်ဖော်ရာတွင်  အခက်အခဲများနှင့် ပိုမို ရင်ဆိုင်ရဖွယ်ရှိသည်။

ဒီမိုကရက်တစ်ပါတီ၏ အနိုင်ရရှိမှုကို ဂုဏ်ပြုခဲ့ပြီး ဗီတိုအာဏာဖြင့် ပယ်ချခံရခြင်းကို ရှောင်ရှားလိုပါက ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထရမ့်က CBS သတင်းဌာနနှင့်  တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသည်။ ပြည်သူများအနေဖြင့်  လူ့အဖွဲ့အစည်းကို  သွေးကွဲစေသည့် နိုင်ငံရေးထက် ပြည်သူများအကြား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံရေးကို လိုလားကြောင်း အမေရိကန်သမ္မတဟောင်းနှင့်  ဒီမိုကရက်တစ်ပါတီခေါင်းဆောင်   ဘားရက်အိုဘားမားက လူမှုကွန်ရက်မှတစ်ဆင့် မှတ်ချက်ပြုပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲအောင်မြင်မှုနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီက ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဖြစ်ကြောင်း ထရမ့်က Fox News သတင်းဌာနနှင့် တယ်လီဖုန်းမှ တစ်ဆင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲရလဒ်သည် ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်မှုမရှိကြောင်း ပြောကြားကာ အစိုးရအဖွဲ့ဝင်များကို အပြောင်းအလဲပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားခဲ့သည်။                                                            

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News