Myanmar Digital News

အစ္စရေးက ရာဖာနယ်စပ်ဖြတ်ကျော်ရေးစခန်းအား ပိတ်ပင်

ဂါဇာ နိုဝင်ဘာ ၄

အစ္စရေးတာဝန်ရှိသူများသည် ရာဖာနယ်စပ်ဖြတ်ကျော်စခန်းကိုဖြတ်သန်းသွားလာနေသည့် ခရီးသွားများအား ပြန်လည်စေလွှတ်ပြီး အီဂျစ်မှ ဂါဇာဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်မှုနှင့် ကုန်တင်ကားများဝင်ရောက်မှုကို ရပ်တန့်စေခဲ့ကာ ရာဖာနယ်စပ်ဖြတ်ကျော်စခန်းကို ပိတ်ခဲ့ကြောင်း  အစ္စရေးနှင့် ပါလက်စတိုင်း သတင်းအရင်းအမြစ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ခရီးသည်များအား ယခုဆောင်ရွက်ချက်နှင့်ပတ်သက်၍ အစ္စရေးတာဝန်ရှိသူများက ကြိုတင်အသိပေးခြင်း မရှိကြောင်းနှင့် ဒေသတွင်း လုံခြုံရေးအခြေအနေဆိုင်ရာအကြောင်း ပြချက်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဂါဇာ နယ်စပ်ဖြတ်ကျော်ရေး အာဏာပိုင်အဖွဲ့က ပြောကြားသည်။  ဂါဇာဒေသအတွင်းသို့  အထောက်အပံ့ပစ္စည်းများနှင့်  ကုန်ပစ္စည်းများ ဝင်ရောက်မှုကို ရပ်ဆိုင်းထားကြောင်း အီဂျစ်ဘက်သို့ အစ္စရေးတာဝန်ရှိသူများက  အသိပေးပြောကြားခဲ့ကြောင်း  သိရသည်။

လက်ရှိအချိန်တွင်  အီဂျစ်နိုင်ငံဘက်မှ အကူအညီများနှင့် ကုန်သွယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် ထရပ်ကား အစီးရေ ၄၀ ခန့်သည် အဆိုပါဒေသတွင်းသို့ နေ့စဉ် ဝင်ရောက်လျက်ရှိသည်။

ဂါဇာဒေသတွင် တရားမဝင် ကုန်ရောင်းကုန်ဝယ်ပြုမှုများရှိခြင်းနှင့် ဂါဇာဒေသတွင်း ဖြစ်ပွားသည့်  ကိစ္စရပ်များတွင် ဟားမတ်စ်အဖွဲ့ဝင်များက ဝင်ရောက်စွက်ဖက်သည်ဟူသော စွပ်စွဲချက်များကြောင့် အစ္စရေးတပ်ဖွဲ့က ရာဖာနယ်စပ်ဖြတ် ကျော်စခန်းအား ပိတ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း  အစ္စရေးစစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များအား ကိုးကား၍ အစ္စရေးနိုင်ငံပိုင်  ကန်တီဗွီရုပ်မြင်သံကြားဌာနက ပြောကြားသည်။

အဆိုပါဆုံးဖြတ်ချက်သည် ကီရန်ရှလုံနှင့် ကီရန် အဗူ ဆာလန် ဖြတ်သန်းရေးဂိတ်အပေါ် သက်ရောက်မှုမရှိကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News