၅.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်လလျှင် အနည်းဆုံးလုပ်ခလစာ တာကာငွေ ၃၀,၀၀၀ ရရှိရေးအတွက် အထည်ချုပ်လုပ်ငန်း အလုပ်သမားများက တောင်းဆိုဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ၊ လမ်းပိတ်ဆို့မှုများနှင့် မငြိမ်မသက်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်မှု အနှောင့်အယှက်များဖြစ်ပေါ်လျက်ရှိသည်။
စက်မှုဇုန်နယ်မြေအများအပြားတွင် အထည်ချုပ်လုပ်သားများက လစဉ် အနိမ့်ဆုံးလုပ်ခလစာ တာကာ ၃၀,၀၀၀ ရရှိရေးအတွက် နိုဝင်ဘာလ ၃ ရက်က ငါးရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြခဲ့ကြသည်။ ဤဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူဦးရေ အနည်းဆုံး ၅၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ဒက်ကာမြို့အနီး ဆာဗာနှင့် အရှုလီယာ ဒေသများရှိ စက်ရုံပေါင်း ၂၀၀ ကျော်မှာလည်း လုပ်ငန်းလည်ပတ်မှုများကို ရပ်နားထားရန်အားလပ်ရက်အဖြစ် ကြေညာရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။


တစ်လလျှင် အနည်းဆုံးလုပ်ခလစာ တာကာ (Tk) ၃၀,၀၀၀ ရရှိရေး တောင်းဆိုသည့် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများအတွင်း နာရာရန်ဂန့်ဂျ် မြို့၊ Shimrail ဈေးဧရိယာ၌ အထည်ချုပ် လုပ်သားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံ ပဋိပက္ခဖြစ်ပွားခဲ့သည်။ ဆန္ဒပြပွဲများအတွင်း ဆာဗာ၊ အရှုလီယာ၊ ဂါဇီပူရ်နှင့် နာရာရန်ဂန့်ဂျ်မြို့များတွင် လမ်းပိတ်ဆို့မှုများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပြီး မငြိမ်မသက်မှုများကို ထိန်းချုပ်ရန်အတွက် နေရာအများအပြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပိုဆောင်းချထားခဲ့သည်။
အလုပ်သမားများက ရဲတပ်ဖွဲ့ကို အုတ်ခဲများနှင့် ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများ၊ အသံဗုံးများနှင့် ရာဘာကျည်ဆန်များ အသုံးပြု၍ ပြန်လည်တုံ့ပြန်ခဲ့သည်။ ဆာဗာ ရဲစခန်းမှူးပိုင် ရဲကားတစ်စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ဒက်ကာခရိုင် ရဲတပ်ဖွဲ့မှူး ရှာမီမာ ပါဗင်က ရဲတပ်ဖွဲ့ဝင်များ၊ အလုပ်သမားများနှင့် လမ်းသွားလမ်းလာများ အပါအဝင် အနည်းဆုံး လူ ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲစခန်းမှူး စိုင်းဖူလ်အလမ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် အလုပ်သမားများသည် ဒက်ကာ-အာရီချာ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့လိုက်သဖြင့် ယာဉ်သွားလာမှုများ လုံးဝရပ်တန့်သွားပြီး ယာဉ်ကြောပိတ်ဆို့မှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါနေရာတွင် နှစ်ဖက်လမ်းကြောင်းများမှ အလုပ်သမား ၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့် စုဝေးရောက်ရှိနေခဲ့ကြောင်း ရှာမီမာက ပြောကြားသည်။
မငြိမ်မသက်မှုများ ဖြစ်ပွားနေချိန်တွင် ဟီမာယက်ပူရ်၊ ယူလေးလ်စက်မှုဇုန်များနှင့် ၎င်းတို့၏ ပတ်ဝန်း ကျင်ဒေသများရှိ စက်ရုံအများအပြားက ရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ကြပြီး၊ အလုပ်သမားအချို့မှာမူ အေးချမ်းစွာဖြင့် နေအိမ်များသို့ ပြန်သွားခဲ့ကြသည်။
အထည်ချုပ်လုပ်ငန်း အလုပ်သမားများ၏ ဆန္ဒပြမှုများက နိုဝင်ဘာလ ၃ ရက်တွင် ပဉ္စမမြောက်နေ့ အထိ ရှိလာပြီဟုလည်း သိရသည်။
Ref- Dhaka Tribune