Myanmar Digital News

တရုတ်-ဗီယက်နမ် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ပေကျင်း နိုဝင်ဘာ ၄

တရုတ်ကွန်မြူနစ်ပါတီ  ဗဟိုကော်မတီ  နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဟီလီဖန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့်  ဗဟိုကော်မတီအတွင်းရေးမှူးဖြစ်သူ  ငုယင်သန်ငီနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နိုဝင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲအတွင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား စီးပွားရေးအရ ဆက်ဆံမှုများ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပါတီနှစ်ရပ်၏ အထွေထွေအတွင်းရေးမှူးချုပ်များအကြား ရရှိထားသည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက်  ဗီယက်နမ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း ဟီလီဖန်းက ပြောကြားသည်။  တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပိုမိုမြင့်မားသော အဆင့်ရှိသည့် “အနာဂတ်မျှဝေခံစားနိုင်သော တရုတ်-ဗီယက်နမ် အသိုင်းအဝိုင်း” တည်ဆောက်ရေးကို ရှေ့ဆက်တိုးမြှင့် နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံနှင့် နီးကပ်သော မဟာဗျူဟာမြောက် ဆက်သွယ်မှုများ ကို ထိန်းသိမ်းသွားလိုကြောင်း၊ စီးပွားရေးဆိုင်ရာ ဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစေလိုကြောင်းနှင့် တစ်နိုင်ငံ၏ အတွေ့အကြုံကို  တစ်နိုင်ငံက အပြန်အလှန် လေ့လာသင်ယူသွားလိုကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံး၏ ညွှန်ကြား ရေးမှူးလည်းဖြစ်သူ ဟီက  ပြောကြားသည်။

 ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားကောင်းလာစေရန် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်လိုကြောင်း၊ ပါတီနှစ်ရပ်နှင့် နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ပိုမိုကြီးမားသော   တိုးတက်မှုများရရှိလာစေရန် တွန်းအားပေး ဆောင်ရွက်လိုကြောင်း   ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမူဝါဒနှင့် မဟာဗျူဟာဆိုင်ရာ ကော်မရှင်၏ဥက္ကဋ္ဌလည်းဖြစ်သူ ငုယင်သန်ငီက ပြောကြားသည်။                             

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News