Myanmar Transparency News

လျှို့ဝှက်နားထောင်မှု စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားအစိုးရက ဂျကာတာမြို့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ချထား

၅.၁၁.၂၀၂၆
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင် လျှို့ဝှက်နားထောင်မှုကိစ္စရပ်တစ်ခုနှင့် ပတ်သက်၍ သမ္မတ၏ ဝန်ထမ်းအကြီးအကဲ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရမှုများထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားအစိုးရက မြို့တော် ဂျကာတာတွင် တပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၂ ရက်မှ စတင်ချထားခဲ့ကြောင်း သိရသည်။ ချထားသော တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းဦးရေမှာ ၂၀,၀၀၀ ကျော် ရှိလာပြီဟု ရေတပ် စစ်ဆင်ရေးဆိုင်ရာ လက်ထောက် အကြီးအကဲ၊ ဒုတိယဗိုလ်ချုပ်ကြီး ယာရန် ဆိုဖီရန်က နိုဝင်ဘာလ ၄ ရက်က ပြောခဲ့သည်။

ထိုစွပ်စွဲချက်များ၌ သံသယရှိသူများက သမ္မတ၏ ဖုန်းများကို တရားမဝင် နားထောင်ခဲ့သည်ဟု ပြောကြားခံထားရသည်။

သမ္မတပရာဘိုဝို ဆူဘီယန်တို အစိုးရအဖွဲ့၏ ဤသို့တပ်ဖွဲ့များချထားမှုလုပ်ရပ် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်း သိရသည်။

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို ပစ်မှတ်ထား၍ လျှို့ဝှက်နားထောင်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်နှင့် ပတ်သက်ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ချိန်တွင် အင်ဒိုနီးရှားစစ်တပ်က မြို့တော် ဂျကာတာသို့ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်း ၂၀,၀၀၀ ကျော်ကို စေလွှတ်ချထားလိုက်ခြင်းဖြစ်သည်။ ဤ စွပ်စွဲချက်အရ အရှုပ်တော်ပုံ ဖြစ်ပွားနေချိန်တွင် သမ္မတ၏ ဝန်ထမ်းအကြီးအကဲပါ စုံစမ်းစစ်ဆေး ခံနေရသည်။

ယခုအချိန်အထိ ရဲတပ်ဖွဲ့၏ အဆင့်မြင့် ဗိုလ်ချုပ်ကြီး သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။ ၎င်းတို့သည် သမ္မတ၊ သတင်းထောက်များ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းများကို တရားမဝင် နားထောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဖမ်းဆီးခံထားရသူများထဲတွင် လစ်စတယို ဆီဂစ် ပရာဘိုဝိုလည်း ပါဝင်သည်။ ၎င်းသည် သမ္မတနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိဘဲ ပြီးခဲ့သည့်လက သမ္မတ၏ ဝန်ထမ်းအကြီးအကဲအဖြစ် တာဝန်မယူမီအချိန်အထိ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သမ္မတဆူဘီယန်တိုကို ပစ်မှတ်ထားသည့် ဤလျှို့ဝှက်နားထောင်မှုသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် နီးစပ်သော လုပ်ရပ်တစ်ခု ဖြစ်နိုင်ကြောင်း သမ္မတနန်းတော်က ပြောကြားထားသည်။

သို့သော် ဂျကာတာမြို့တွင် ဤတပ်ဖွဲ့ဝင်များ ချထားမှုသည် အဆိုပါ အရှုပ်တော်ပုံနှင့် ဆက်စပ်မှုရှိမရှိကို အာဏာပိုင်များက တရားဝင် အတည်ပြု ပြောကြားခြင်း မရှိသေးပေ။

အင်ဒိုနီးရှား လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် မူဟာမက် နာ့စ်ကမူ ဤတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းချထားမှုသည် နိုင်ငံတော်လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခုသာ ဖြစ်ကြောင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေရေးရာဆိုင်ရာ ဝန်ကြီးတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ လျှို့ဝှက်နားထောင်မှု ပြုလုပ်သည့် ရည်ရွယ်ချက်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း သိရသည်။

စွပ်စွဲချက်များနှင့် ပတ်သက်၍ လူသိရှင်ကြား တုံ့ပြန်ပြောဆိုခြင်း မရှိသေးသည့် သံသယရှိသူများသည် တရားမဝင် စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆက်စပ်သော စွဲချက်များကို ရင်ဆိုင်ရနိုင်ပြီး ယင်းအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။

“ဒီလို တိတ်တဆိတ် နားထောင်မှုမျိုးကို နိုင်ငံတော် သို့မဟုတ် အမျိုးသားရဲတပ်ဖွဲ့ အတွက် မဟုတ်ဘဲ တခြားအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ ပြင်းထန်တဲ့ သံသယမျိုး ရှိနေပါတယ်” ဟု အင်ဒိုနီးရှားတက္ကသိုလ်မှ ရာဇဝတ်မှုဆိုင်ရာ ပညာရှင် ဖြစ်သူ၊ အမျိုးသား ရဲတပ်ဖွဲ့ ကော်မရှင်၏ အဖွဲ့ဝင်ဟောင်း အက်ဒ်ရီယန် နတ်စ် မီလီယာလာက ပြောကြားခဲ့သည်။

“လစ်စတယို ဆီဂစ် ပရာဘိုဝို အနေနဲ့ သံသယရှိသူအဖြစ် သတ်မှတ်ခံရလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ ဒါပေမဲ့ စွပ်စွဲချက်တွေသာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့မယ်ဆိုရင် ဒီအမှုကိစ္စကို နိုင်ငံရေးအရ အကွက်ရွှေ့မှု တစ်ခုအနေနဲ့ ရှုမြင်နိုင်ပါတယ်။ နိုင်ငံရေးလောကထဲ ဝင်ရောက်လုပ်ကိုင်သူတိုင်းဟာ နိုင်ငံရေးအရ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရပါလိမ့်မယ်” ဟု မီလီယာလာက ပြောဆိုခဲ့သည်။

Ref: DW News

မူရင်းသတင်း — Myanmar Transparency News