Myanmar Digital News

နယူးဇီလန်ကမ်းရိုးတန်းတွင် ပိုင်းလော့ဝေလငါးအကောင်ရေ ၅၀ ခန့် သောင်တင်နေ

နိုဝင်ဘာ ၅

နယူးဇီလန်နိုင်ငံမြောက်ကျွန်းရှိဝိုင်ရာရာပါ၏တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် ပိုင်းလော့ ဝေလငါးအကောင်ရေ ၅၀ ခန့် သောင်တင်လျက်ရှိရာ အများစုမှာ သေဆုံးသွားပြီဟု ယူဆရကြောင်း ဒေသခံများက ယနေ့တွင် ပြောကြားခဲ့သည်။

ကိပ်ပါလီဆာအနီး ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျောက်ဆောင်များကြားတွင် ဝေလငါးအကောင်ရေ ၅၀ ခန့် ပိတ်မိနေကြောင်း ဒေသခံများက ရေဒီယိုနယူးဇီလန်သို့  ပြောကြားခဲ့သည်။

အဆိုပါဒေသတွင် ပိုင်းလော့ဝေလငါးများ ကမ်းခြေပေါ်သို့တက်လာသည်ကို နှစ်ပေါင်း ၄၀ ကျော်အတွင်း တစ်ကြိမ်မျှ မတွေ့ဖူးကြောင်း အချို့ဒေသခံများက ပြောကြားခဲ့ကြသည်။

အသက်ရှင်ကျန်ရစ်သော ဝေလငါးအနည်းငယ်ကို ဒေသခံများက ရေစိုစွတ်နေစေရန်နှင့် အပူချိန်မမြင့်တက်စေရန် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိကြသည်။

သို့ရာတွင် ဝေလငါးအုပ်စုအများစုသည် ရရှိခဲ့သောဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ပုံရသည်ဟု သိရသည်။

ဝေလငါးကယ်ဆယ်ရေးအဖွဲ့ Project Jonah က ပိုင်းလော့ဝေလငါးအကောင်ရေ ၂၀ ထက်မနည်း သောင်တင်လျက်ရှိရာ လေးကောင်အသက်ရှင်နေဆဲဖြစ်ကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ယနေ့နှောင်းပိုင်းတွင် လှိုင်းကြီးချိန် ပြန်လည်ရေပေါ်မျောနိုင်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဝေလငါးများကို ကယ်ဆယ်စောင့်ရှောက်ပေးသည့်ကျွမ်းကျင်သူများကို စေလွှတ်ထားပြီး နယူးဇီလန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ဒေသခံမာအိုရီလူမျိုးစုများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း Project Jonah အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News