Myanmar Digital News

ပြင်သစ်နိုင်ငံ၏ သွေးဘဏ်စနစ် ဆိုက်ဘာတိုက်ခိုက်ခံရ

နိုဝင်ဘာ ၅

ပြင်သစ်နိုင်ငံ၏သွေးဘဏ်အဖွဲ့အစည်း၏ အအေးပေးစနစ်သည် ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ခံခဲ့ရကြောင်း ပြင်သစ်သွေးဘဏ်အာဏာပိုင်များက ယမန်နေ့က ထုတ်ပြန်ပြောကြားခဲ့သည်။

ရေခဲသေတ္တာစနစ်များကို အဝေးမှ ထိန်းချုပ်ထားသောကြောင့် အပူချိန်များ အလွန်မြင့်မားစွာ မြင့်တက်လာခဲ့ရာ အပူချိန်ပြောင်းလဲမှုကို လျင်မြန်စွာသိရှိနိုင်ခဲ့ပြီး နမူနာများ သို့မဟုတ် သွေးထွက်ပစ္စည်းများကို ထိခိုက်မှုမရှိစေရန် အစီအမံများချမှတ်ထားကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

သွေးထွက်ပစ္စည်းများနှင့် ဇီဝနမူနာများကို ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ ပို့ဆောင်ခြင်းမပြုမီ အအေးပေးသိုလှောင်စက်များအတွင်း သိမ်းဆည်းထားကြသည်။

ပြင်သစ်ဘဏ်လုပ်ငန်းအုပ်စု Credit Mutuel Arkea ကလည်း ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လိမ်လည်ငွေကြေးလွှဲပြောင်းမှုများ ဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့သည်။ သို့ရာတွင် ထိုတိုက်ခိုက်မှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပြီး ဖောက်သည်များ၏ ငွေကြေးများလည်း လုံခြုံစိတ်ချရကြောင်း ဘဏ်အုပ်စုက အာမခံပြောကြားခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားနေကြောင်းသိရှိပြီးနောက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ငွေကြေး လွှဲပြောင်းမှုအချို့ကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဆိုက်ဘာတိုက်ခိုက်မှုများသည် မကြာသေးမီက ဥရောပနိုင်ငံအချို့ရှိ စူပါမားကတ်များ၏ အအေးခန်းရေခဲသေတ္တာများနှင့် ရေခဲသိုလှောင်စက်များကို အလားတူ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News