Myanmar Digital News

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မူရားစုကြောင့် နှစ်ဦးသေဆုံး၊ အိမ်ခြေ ၃၁၂ လုံး ပျက်စီး

နိုဝင်ဘာ ၅

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ကမ်းရိုးတန်းဒေသကို ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မူရားစုတိုက်ခတ်ပြီးနောက် နှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါမုန်တိုင်းကြောင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၏ မြို့တော် အာမာရာဗတီ၏ တောင်ဘက် ၇၀ ကီလိုမီတာခန့်အကွာ ဘာပတ်လာခရိုင်တွင် နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်းက သေဆုံးမှုများဖြစ်ပွားခဲ့သည်။

 မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် အိမ်ခြေ ၃၁၂ လုံး၊ ဓာတ်အားလိုင်းများနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးကာ မြေဟက်တာ ၅၂၄၅၉ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

ထိုမုန်တိုင်းသည် ယင်းပြည်နယ်သို့ တစ်ပတ်အတွင်း ဝင်ရောက်တိုက်ခတ်သည့် ဒုတိယမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်က အန်ဒရာပရာဒေ့ရှ်နှင့် အိုဒီရှာပြည်နယ်တို့တွင်  ဆိုင်ကလုန်းမုန်တိုင်း အာနပ် တိုက်ခတ်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News