CarsDB

ဘတ်စ်ကားတစ်စီးပိုင်လိုသည့် ဖခင်ကြီး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် အသက် ၅၉ နှစ်အရွယ်တွင် ဘတ်စ်ကားစပယ်ယာ ဘဝဖြတ်သန်းနေသည့် အိန္ဒိယအမျိုးသမီးတစ်ဦး

နေရာကား....အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဟောင်ရာမြို့။
လူအများစုမှာ အသက် ၅၉ နှစ်အရွယ်သို့ ရောက်ပြီဆိုလျှင် ဘဝခြေလှမ်းများ အရှိန်လျှော့ရန် စဉ်းစားကြပြီဖြစ်သော်လည်း ဒေါ်လီ ရာနား (Dolly Rana) အမည်ရှိ အမျိုးသမီးကမူ ဆန့်ကျင်ဘက် ဖြစ်သည်။

နေ့စဉ် မနက်လင်းပြီဆိုသည်နှင့် ဒေါ်လီတစ်ယောက် ဘတ်စ်ကားတစ်စီးပေါ် ရောက်နေပြီ။

ပုခုံးတွင် လက်မှတ်အိတ်ကို လွယ်ရင်း မှတ်တိုင်နာမည်များ အော်ပေးနေသည်။

ဒေါ်လီအတွက်မူ စားဝတ်နေရေး အလုပ်သဘောမျှ မဟုတ်ချေ။ ဖခင်ကြီးကို ကတိပေးထားသည့် အိပ်မက်တစ်ခုအား အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

((ဖခင်၏အိပ်မက်ကို အကောင်အထည်ဖော်ပေးမည့် သမီးတစ်ယောက်၏ ခရီးစဉ်))

ဒေါ်လီ ရာနာ၏ ဖခင်ကြီးသည် ဘတ်စ်ကားတစ်စင်း ပိုင်ဆိုင်လိုပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်လိုသည့်ဆန္ဒ အမြဲရှိခဲ့သည်။

ဖခင် ဆုံးပါးသွားပြီးနောက် ဒေါ်လီက ဖခင်ကြီးနှစ်ပေါင်းများစွာ ရည်မှန်းခဲ့သည့် စိတ်ကူးအိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။

သို့နှင့် ၂၀၁၇ ခုနှစ်တွင် ချေးငွေရယူကာ ကိုယ်ပိုင်ဘတ်စ်ကားတစ်စင်း ဝယ်ယူခဲ့သည်။

ကနဦးတွင် ယာဉ်မောင်းနှင့် စပယ်ယာတို့ ခန့်ထား လုပ်ကိုင်ခဲ့သည်။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကိုဗစ်ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုဗစ်ကပ်ဘေးကာလတွင် ဒေါ်လီ၏ လုပ်ငန်းမှာ အထိနာခဲ့၏။

၂၀၂၁ ခုနှစ်တွင် စပယ်ယာ အလုပ်ထွက်သွားခဲ့ပြီး လုပ်ငန်းမှာလည်း ဆက်လက် အရှုံးပေါ်နေသောအခါ ဒေါ်လီအတွက် ရွေးချယ်စရာ ၂ ခုသာ ရှိတော့သည်။

လုပ်ငန်းကို ရပ်လိုက်ရန် (သို့မဟုတ်) ဆက်လက်ရပ်တည်နိုင်ရေးအတွက် နည်းလမ်းရှာရန်တို့ ဖြစ်သည်။ ဒေါ်လီက ဒုတိယလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

((အသက် ၅၄ နှစ်တွင် ဘတ်စ်ကားပေါ်သို့ ကိုယ်တိုင်တက်ခဲ့ခြင်း))

ဒေါ်လီက ကိုယ်တိုင် စပယ်ယာလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအတွက် ထွေထွေထူးထူး ကြိုတင်ပြင်ဆင်မှု မရှိခဲ့။

ကနဦးတွင် လွယ်အိတ်ပင် မပါခဲ့။ ခရီးသည်တို့ ပေးသော ကားခများကို ဆာရီထဲတွင် သိမ်းဆည်းခဲ့ကြောင်း The Telegraph သတင်းဌာနသို့ ပြောခဲ့ဖူးသည်။

စပယ်ယာအလုပ်မှာ လူများကြပ်ပိတ်သိပ်နေသော ဘတ်စ်ကားထဲတွင် နာရီပေါင်းများစွာ မတ်တပ်ရပ်နိုင်ရ၏။ ကားပေါ်သို့ တက်လိုက်ဆင်းလိုက် အကြိမ်ကြိမ် လုပ်ရ၏။ လက်မှတ်ဖြတ်ပေးရ၏။ ခရီးသည်များနှင့် အမျိုးမျိုးအဖုံဖုံ လိုက်လျောညီထွေ ဆက်ဆံရ၏။ စကားများ ရန်ဖြစ်သည့်အခါ ဝင်ရောက်ဖြန်ဖြေပေးရ၏။

ထိုအလုပ်မှာ ယနေ့တိုင် အမျိုးသားများသာ လုပ်ကိုင်ကြသော အလုပ်တစ်ခု ဖြစ်သည်။

ဒေါ်လီ၏ ဘတ်စ်ကားမှာ နံပါတ် ၅၇ ဘတ်စ်ကားဖြစ်သည်။

ပုံမှန်စီးကြသည့် ခရီးသည်များက ဒေါ်လီကို ကောင်းစွာ ရင်းနှီးနေကြသည်။

((အသက်မွေးဝမ်းကျောင်းဖြစ်သကဲ့သို့ ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်လာ))

ဘတ်စ်ကားတစ်စင်းပိုင်ဆိုင်ရမှုတွင် ပြဿနာများလည်း ရှိသည်။

ပြုပြင်ထိန်းသိမ်းစရိတ်များ တက်လာသည်။ စက်ပြင်ခ ဈေးကြီးလာသည်။ ချေးငွေကိုလည်း ပြန်ဆပ်ပေးနေရသေးသည်။

လျှပ်စစ်ဘေးတွဲများ ပေါ်ပေါက်လာခြင်းကြောင့် ခရီးစဉ်လမ်းကြောင်းအချို့တွင် ခရီးသည် ကျဆင်းသွားပြီး ဝင်ငွေ လျော့သွားသည်။

((အွန်လိုင်းတွင် သတင်းကြီးသွားခြင်း))

The Better India သတင်းဌာနက ဒေါ်လီ၏ ဘဝဇာတ်ကြောင်းနှင့် ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပြီးနောက် သူ၏ ရုန်းကန်ရမှုများကို လူအများ အာရုံစိုက်လာခဲ့သည်။

နောက်ဆုံးတွင် ပြည်နယ်သယ်ယူပို့ဆောင်မှု ကွပ်ကဲရေးအဖွဲ့အထိ သတင်းရောက်သွားခဲ့သည်။ ထိုအခါတွင် အတွင်းရေးမှူးက ဒေါ်လီထံသို့ ကိုယ်တိုင်ဖုန်းဆက်ခဲ့ပြီး ဘတ်စ်ကားလမ်းကြောင်းသစ်အတွက် ဒေါ်လီ ပါမစ်လျှောက်ထားတင်ပြမှုကို ခွင့်ပြုကြောင်း အသိပေးခဲ့သည်။

ထို ဘတ်စ်ကားလမ်းကြောင်းသစ်တွင် လျှပ်စစ်ဘေးတွဲများ၏ ပြိုင်ဆိုင်မှု အပြင်းအထန် မရှိသဖြင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် ပိုမိုကောင်းမွန်သော အခွင့်အလမ်းရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: "I went through a lot of pain.." Her father had a dream for her at 59, Howrah's Dolly Rana became a conductor to save the bus she bought to fulfil her late father's dream (timesofindia)

မူရင်းသတင်း — CarsDB