
အနာဂတ်၏ လူ့စွမ်းအားအရင်းမြစ်များဖြစ်သည့် လူငယ်များ ကျန်းမာသန်စွမ်းပြီး နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်၍ တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဝင်များနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို (ယနေ့) နိုဝင်ဘာ ၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (I-13) အဆောက်အဦး၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပထမဦးစွာ အခမ်းအနားစတင်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက နှုတ်ခွန်းဆက်အမှာစကားနှင့်ကော်မတီ၏လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက အသီးသီး မိတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ တာဝန်ရှိသူများက လူငယ်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားရေးရာ ကိစ္စရပ်များကို လွှတ်တော်ကော်မတီထံ အကျယ်တဝင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။ တင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်း၍ အပြုသဘောဆောင်သော အကြံပြုချက်များဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယနေ့တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ အတွင်းရေးမှူး ဒေါက်တာနေလင်းနှင့် ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသလို MYDA ဘက်မှလည်း ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ အကြီးတန်းအကြံပေး ဦးစည်သူ၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးခန့်မင်းသျှင်၊ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ၊ ဘဏ္ဍာရေးမှူး ဒေါ်ခင်နှင်းထက်အောင်၊ စာရင်းစစ် ဦးအောင်ဆန်းဝင်း၊ တွဲဖက်အတွင်းရေးမှူး ဦးဟန်ထွန်းဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးကိုကိုအောင်(ခ)ဦးရဲရင့်၊ ရှမ်းပြည်နယ်ရုံးခွဲတာဝန်ခံ ဦးဉာဏ်ထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးအောင်မင်းပိုင်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အလုပ်အမှုဆောင် ဒေါ်သီရိဆင့်နှင့် ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးဖြိုးမင်းသက်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသူများသည် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီ အဆောင်ရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် လူငယ်များ ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၊ ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် တက္ကသိုလ်၊ အခြေခံပညာကျောင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။