Eleven Media Group

သွင်းကုန်လုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းဖိုးပေးချေရာတွင် ကြိုတင်ငွေပေးချေခြင်းကို ခွင့်ပြုမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

သွင်းကုန်လုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းဖိုးပေးချေရာတွင် ကြိုတင်ငွေပေးချေခြင်းကို ခွင့်ပြုမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်တင်သွင်းသူ (Importer) များအတွက် လိုအပ်သော နိုင်ငံခြားငွေကို အချိန်မီရရှိစေရန်၊ ပြည်ပ Supplier များထံ ငွေပေးချေမှု နောက်ကျခြင်းကို လျှော့ချရန်၊ နိုင်ငံခြားငွေကို အမှန်တကယ် လိုအပ်သည့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဦးစားပေးခွဲဝေပေးရန်၊ ငွေလဲလှယ်နှုန်းအတက်အကျအပေါ် ဖိအားမဖြစ် စေဘဲ နိုင်ငံခြား ငွေဈေးကွက်ကို တည်ငြိမ်စေရန် ကုန်ပစ္စည်းဖိုးပေးချေရာတွင် ကြိုတင်ငွေပေးချေခြင်း (Advance Payment) ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ပြည်ပမှ တင်သွင်းသည့်သွင်းကုန်များအတွက် ငွေပေးချေမှုနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးပါက ပထမအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ သင်္ဘောတင် စာရွက်စာတမ်း အထောက်အထား (B/L) တင်ပြလာပါက ဒုတိယအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ သွင်းကုန် ကြေညာလွှာ (ID) ကို တင်ပြလာပါက တတိယအရစ်အဖြစ် ကျန်ရှိသည့် လိုင်စင်ပါတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းတို့အား နိုင်ငံတော်၏ လိုအပ်သော သွင်းကုန်ပစ္စည်း များအတွက် နိုင်ငံခြားငွေကို စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

သွင်းကုန်အတွက် နိုင်ငံခြားငွေအား ကြိုတင်ငွေပေးချေခွင့်ပြုခြင်းဖြင့် အရေးကြီးကုန်ပစ္စည်းများကို အချိန်မီမှာယူနိုင်ခြင်း၊ နိုင်ငံခြားငွေလိုအပ်ချက်ကို တစ်ကြိမ်တည်း ဖြည့်ဆည်းရသည့် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ယုံကြည်မှု တိုးတက်လာနိုင်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ လွယ်ကူမြန်ဆန်စွာ တင်သွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group