
UWSP အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု ဆို
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ ငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ် ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက်တွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ရာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် အဆင့်မြင့် ခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ အကြံပေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရသစ်လက်ထက်တွင် ပန်ဆန်းသို့ ဒုတိယအကြိမ်မြောက် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ “ဝ” ဒေသရှိ ပြည်သူများသည် မိမိတို့ တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ပြည်ထောင်စုမှ ခွဲမထွက်ဘဲ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဆောင်ရွက်မည်ကို သိရှိရသည့်အတွက် ဝမ်းသာပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များကို ညှိနှိုင်းပူးပေါင်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုကိစ္စများကို လက်မခံဘဲ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိသည့်အတွက် ဝမ်းသာပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နှစ်ပေါင်း ၃၀ ကျော် ငြိမ်းချမ်းရေး တည်ဆောက်ထားရှိပြီးဖြစ်သည့်အတွက် ယုံကြည်မှု ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် မိမိတို့၏ နိုင်ငံရေးဆန္ဒအား ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးပွဲမှ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသူများက အွန်လိုင်းလောင်းကစားနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်စေရေးကိစ္စရပ်တို့အား နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။