Eleven Media Group

အသစ်ပြန်လည်တည်ဆောက်ထားသော အဆင့်မြင့် မင်္ဂလာဈေးကြီး ဖွင့်လှစ်

မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်တွင် အသစ်ပြန်လည်တည်ဆောက်ထားသည့် အဆင့်မြင့် မင်္ဂလာဈေးကြီး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက် ၈နာရီဝန်းကျင်က ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ အကျိုးတူပူးပေါင်းဆောက်လုပ်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးအောင်နိုင်သူက မင်္ဂလာဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ မင်္ဂလာဈေးသစ်ကြီးကို ၂၀၁၈ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြေညီထပ်မှ စတုတ္ထအထပ်အထိ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၄၀၆၇ ခန်း ပါဝင်ကြောင်း သိရသည်။

" မင်္ဂလာဈေးသစ်ကြီးကို ၂၀၁၈ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တယ်။ အခုပြီးစီးသွားတဲ့အတွက် ဈေးသူဈေးသားတွေကို အရင်ရက်ကတည်းက စတင်ပြီးဈေးရောင်းခိုင်းနေပါပြီ။ ဆိုင်ခန်းအရေအတွက်ကတော့ ဆိုင်ခန်းပေါင်း ၄,၀၆၇ ခန်း ပါ။ အားလုံး ငါးလွှာပါ။ နဂိုတုန်းက မင်္ဂလာဈေး စတင်တည်ဆောက်ကတည်းက ၅ ပေပတ်လည် ဆိုင်ခန်း‌တွေပါ။ သူ့အလွှာ နဲ့သူဟာသူ မြေဧရိယာအတိုင်း ပြန်လည်တည်ဆောက်ပေးပြီးတော့ သူ့နံပါတ်အတိုင်း ပြန်လည်ချပေးတာပါ။ နဂိုရှိ‌နေတဲ့ ဆိုင်ခန်းတွေကို ကျွန်တော်တို့က ပြန်ပြီးတော့ သူနေရာနဲ့သူ ပြန်ပေးတာပါ" ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများနှင့်ကုန်စည်ပွဲရုံများဌာန မှ ဌာနမှူး ဦးညီညီဦး က ပြောကြားသည်။

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးတွင် ကား ကားပါကင်၊ မြေညီထပ်တွင် ဘဏ်များ၊ စားသောက်ဆိုင်များနှင့် ဈေးဝယ်စင်တာများ ၊ အပေါ်ထပ်များတွင် ဆိုင်ခန်းများနှင့် ကုန်လှောင်ရုံများ ပါဝင်‌ကြောင်း သိရသည်။

မင်္ဂလာဈေးဟောင်းသည် ၂၀၁၀ ပြည့်နှစ် မေလနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတို့တွင် မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်အင်အား အများအပြားအသုံးပြုကာ အချိန်ကြာမြင့်စွာ ငြှိမ်းသတ်ခဲ့ရသည့်အပြင် ပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group