Eleven Media Group

ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်တွင် My Mawlamyine ပန်းချီ၊ ပန်းပုပြပွဲကျင်းပပြုလုပ်နေ

မော်လမြိုင်မြို့၊ သိပ္ပံလမ်း၊ သံလွင်ဥယျာဉ်ရှိ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်တွင် My Mawlamyine ပန်းချီ၊ ပန်းပုပြပွဲအား ယနေ့ နိုဝင်ဘာလ (၅) ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်နေကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် ပန်းပညာရှင်များအစည်းအရုံးမှ နှစ်စဉ်ယခုလို ပွင့်လင်းရာသီရောက်ရှိလာသည့်အချိန်တွင် ပန်းချီပြပွဲအား ပြုလုပ်လေ့ရှိခဲ့ရာက ယမန်နှစ်မှ စတင်ကာ ပန်းချီပြပွဲအပြင် သက်ကြီးပန်းချီဆရာကြီးများအား ပူဇော်ကန်တော့ပွဲကိုပါ ထည့်သွင်းလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံပန်းပညာရှင်များအစည်းအရုံး (မော်လမြိုင်မြို့နယ်) ဥက္ကဌ ဦးညွန့်ဝင်းက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပန်းချီပြပွဲမှာဆိုရင် ပန်းချီဆရာ (၂၀) ဦးကနေ ပန်းချီလက်ရာပေါင်း (၈၀) လောက်ပြထားပါတယ်။ ပန်းချီကားတွေအပြင်ကို ပန်းချီနဲ့ ဆက်နွယ်တဲ့ လက်မှုပညာတွေ၊ ဖန်တီးမှုပညာလေးတွေကိုလည်း ပြသထားပါတယ်။ အဲ့ဒီအပြင်ကို အခြားသောရိုးရာပန်းပညာရှင်တွေရဲ့ ပန်းပုတွေ၊ ပန်းတော့လက်ရာတွေကို ပြသသွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။

ပန်းချီ၊ ပန်းပုပြပွဲအား နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလ (၉) ရက်နေ့တွင် သက်ကြီးပန်းချီဆရာကြီး (၁၁) ဦးအး ပူဇော်ကန်တော့ပွဲနှင့်အတူ မော်လမြိုင်မြို့နယ်ရိုးရာပန်းပညာရှင်များ အစည်းအရုံး၏ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးအား ကျင်းပပြုလုပ်သွားမည့် အစီအစဉ်လည်းရှိပါကြောင်း ၎င်းကဆိုသည်။

မော်လမြိုင်မြို့နယ် ပန်းပညာရှင်များအစည်းအရုံးမှ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံပန်းချီသင်တန်းများ ဖွင့်လှစ်ခြင်းကိုလည်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group