



နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၅
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အထူးအလေးထားကာ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အစိုးရအုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးမှု နှောင့်နှေးစေရန် အဖျက်အမှောင့် လုပ်ရပ်များ ကျူးလွန်ခြင်းတို့အပြင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ရှေးရှု၍ သဘာဝသယံဇာတများအား တရားမဝင် တူးဖော်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။
ထို့သို့ လုပ်ဆောင်လျက်ရှိရာ CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေရန် နှင့် နိုင်ငံ၏အဖိုးတန် သဘာဝသယံဇာများကို ခိုးယူတူးဖော်ခြင်းမှ ရရှိသည့်အကျိုးအမြတ်များဖြင့် ၎င်းတို့၏ အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဆက်လက်ရပ်တည်နိုင်ရေးအတွက် စစ်ကိုင်း တိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ရေလှောင်တမံ အတွင်း၌ တရားမဝင် ရွှေမျှောတူးဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံတာဝန်သိ ပြည်သူများ၏ သတင်းပေးပို့မှုအရ နိုင်ငံပိုင်သယံဇာတများ ဆုံးရှုံးမှုကို ကာကွယ်ရန်၊ ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အကာ အကွယ်ပေးရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ ငွေကြေးအရင်းအမြစ်များကို ဖြတ်တောက် ချေမှုန်းရန်၊ သဖန်းဆိပ်ရေလှောင်တမံအနီး အကြမ်းဖက်သောင်းကျန်း သူများ စုဖွဲ့နေထိုင်သည့် နေရာများအား တိုက်ခိုက်ရှင်းလင်းရန်အတွက် တပ်မတော် စစ်ကြောင်းများက သဖန်းဆိပ်ရေလှောင်တမံ နှင့် ပတ်ဝန်းကျင်ကျေးရွာများ ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်စေရေးအတွက် လိုအပ်သည့် စုဖွဲ့မှုများအား စနစ်တကျ ဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ကိုယ်ကျိုး အတ္တကို ရှေ့တန်းတင်လျက် သဖန်းဆိပ်ရေလှောင်တမံအတွင်း တရားမဝင် ရွှေမျှော တူးဖော်ခြင်းကြောင့် မြစ်ချောင်းများတိမ်ကောလာခြင်း၊ ရေစီးကြောင်းများ ပျက်စီးခြင်း၊ နိုင်ငံ၏အဖိုးတန် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင် အလွန်အကျွံ ထိခိုက်ပျက်စီး ခြင်း၊ လယ်ယာစိုက်ပျိုးမြေများ ထိခိုက်ပျက်စီးခြင်း၊ သန့်ရှင်းသော ရေအရင်း အမြစ်ကို များစွာထိခိုက်ခြင်းနှင့် ဆည်ရေကို အားကိုးအားထားပြု၍ စိုက်ပျိုးရေးနှင့် အသက်မွေး ဝမ်းကျောင်း ပြုလုပ်နေရသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ခြင်း များ ဖြစ်ပေါ်စေလျက်ရှိသည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံ၏အဖိုးတန်သယံဇာတများကို တရား မဝင် တူးဖော်နေခြင်းများအပြင် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားထိခိုက်စေမည့် ကိစ္စရပ်များကို ဥပဒေမဲ့ကျူးလွန်နေသည့် ကိုယ်ကျိုးရှာ အကြမ်းဖက်သောင်းကျန်းသူ များအား နိုင်ငံတော်၏ အကျိုးစီးပွား ကောင်းမွန်တိုးတက်ရေးကို လိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ရှင်းလင်း ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar
