
ထိုက်စံ (NP News) - နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်ဒေသကြီး၊ စစ်ကိုင်းမြို့တွင် ငွေကျပ်(၂) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် (အောက်တိုဘာ ၃၁ ရက်)၊ နံနက် (၉) နာရီအချိန် သတင်းအရ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီးတွင် မျိုးနိုင်ဝင်း(ခ)ကိုမျိုး မောင်းနှင်ပြီး မခင်မိမိစိုး နှင့် မထက်ထက် တို့ (၂)ဦး လိုက်ပါလာသော PAJERO အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဒေသတန်ဖိုးငွေကျပ် (၂ ဒသမ ၂၆) ဘီလျံရှိသောစိတ်ကြွဆေးပြား (၁၁ ဒသမ ၃) သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့တွင် စိတ်ကြွဆေးပြားများ ပို့ဆောင်ပေးသူများဖြစ်သည့် စိုင်းမျိုးနိုင်(ခ)ကိုမိုး အား ကျောက်မဲမြို့၊ ရပ်ကွက်(၉)ရှိနေအိမ်၌လည်းကောင်း၊ နိုဝင်ဘာလ (၃)ရက်တွင် ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာအနီး၌ ရဲကိုကိုဝင်း အား စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင်အသုံးပြုသည့် AD VAN မော်တော်ယာဉ် (၁) စီးနှင့်လည်းကောင်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ဝမ်းဟိုင်းရွာနေ ဖမ်းဆီးရန်ကျန်ရှိသူ ကိုလတ်(ခ)အားတီဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ မန္တလေးသို့ စိုင်းမျိုးနိုင်(ခ)ကိုမိုး နှင့် ရဲကိုကိုဝင်း တို့မှ သယ်ဆောင်ပြီး မန္တလေးမှကလေးသို့ မျိုးနိုင်ဝင်း(ခ)ကိုမျိုး တို့မှ ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။