သုတကျော် (NP News) - နိုဝင်ဘာ ၇
သက်ဆိုင်သူအားလုံးက စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကရင့်ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားလူမျိုးစုအသီးသီးသည် ရှေးယခင်ကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အတူတကွ နေထိုင်လာခဲ့ကြပြီး အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် လူမှုအသိုက်အဝန်းကို တည်ဆောက်ခဲ့ကြကြောင်း၊ ယင်းသို့ အတူတကွယှဉ်တွဲ နေထိုင်လာခဲ့သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ပြီး အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့်လေးစားမှုတို့ကိုအခြေခံသော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်နိုင်ရေးသည် အားလုံး၏ဘုံတာဝန်ဖြစ်ကြောင်း ထည့်သွင်း ရေးသားထားသည်။
လက်ရှိကာလတွင် ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ ကာလကြာရှည်စွာ ဖြစ်လာသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများရှိနေသည်ကို တွေ့မြင်နေရကြောင်း၊ သဘာဝအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့် ကရင်ပြည်နယ်၏ အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာ စေရန်နှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်ရန် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိရေးသည် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားသည်။
ငြိမ်းချမ်းရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့သည်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အဓိကကျသည့် အင်အားများဖြစ်ကြောင်း၊ ထို့ကြောင့် သဘောထားကွဲလွဲမှုများကို အပြန်အလှန်လေးစားမှု၊ သည်းခံနားလည်မှုနှင့် တွေ့ဆုံဆွေးနွေးမှုတို့ဖြင့် ဖြေရှင်းနိုင်ရေး၊ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများလျော့နည်းပပျောက်ရေး၊ လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်ရေးတို့အတွက် သက်ဆိုင်သူအားလုံးက စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ အေးချမ်းလုံခြုံမှုနှင့် ဘဝအနာဂတ်ကောင်းမွန်ရေးကိုရှေးရှု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ကြိုးပမ်းကြရန် အလေးအနက် တိုက်တွန်းအပ်ကြောင်း ပြောသည်။