
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၇
တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကိုလည်း သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြောကြားသည်။
ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က ပြုလုပ်သော တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့တွင် တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်၏ ပြည်ထောင်စုတရားရုံးချုပ်၏ ၁၈-၁၂-၁၉၉ဝ ရက်စွဲပါ ညွှန်ကြားချက်အား ကျင့်သုံးဆောင်ရွက်လျက် ရှိ၊ မရှိနှင့် မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုခြင်းမေးခွန်း မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက အထက်ပါကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ဖြေကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အတွင်းရှိ တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲကြောင်း၊ တရားစီရင်ရေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ တရားရုံးများကိုလည်းကောင်း၊ ခရိုင်တရားရုံးများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်၏ လမ်းညွှန်ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ မြို့နယ်တရားရုံးများကိုလည်းကောင်း အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း ပြောသည်။
တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကိုလည်း သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိကြောင်း ပြောသည်။
ထို့ပြင် ၂ဝ၂၅ ခုနှစ်အတွင်း ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်းမလိုက်နာခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ တရားစီရင်ရေးမှားယွင်းခြင်းတို့အတွက် တရားရေးအရာရှိ၊ တရားသူကြီးများကို သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းဖြင့် အရေးယူခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးက ပြောကြားသည်။