
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် အမျိုးသားတစ်ဦးကို သတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ အမျိုးသား (၃) ဦးကို သက်သေခံပစ္စည်းများနှင့်အတူ (၃) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၂) ရက်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူအစ်မ၏နေအိမ်သို့သွားရောက်စဉ် အမျိုးသားတစ်ဦးမှ သေဆုံးသူကို ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် ၎င်းဓားဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားမှာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်နေ ဦးထွန်းထွန်းရီ ဖြစ်ပြီး အသက် (၆၃) နှစ်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ၏အစ်ကိုဖြစ်သူမှ လမ်းမတော်မြို့မ ရဲစခန်းတွင် တိုင်ချက်ဖွင့်ကာ ပြစ်မှုကျူးလွန်သူတရားခံများကို (ပ)၁၀၂/၂၀၂၆၊ ရာဇသတ် ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ အမျိုးသား (၃) ဦးအနက် တစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၃) ရပ်ကွက်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၅) ရက်က ဆန်းလင်းအောင် (ခ)ဒိုလေး (၃၉) နှစ်ကို ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံ ဘဏ်စာအုပ်တစ်အုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် တရားခံအမျိုးသား (၂) ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာ၊ လှေဆိပ်အနီးတွင် ယမန်နေ့ (နိုဝင်ဘာ ၆ရက်) က ဝေဖြိုးအောင် (ခ) ကိုဖြိုး (၄၄) နှစ်ကို ဖမ်းဆီးရမိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) ကျော်လမ်းရှိ “လှိုင်ထိပ်တင်” လက်ဖက်ရည်ဆိုင်အနီးတွင် ပြစ်မှု ကျူးလွန်စဉ်ရရှိခဲ့သည့် Redmi 9T အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ အမျိုးသား (၃) ဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။