
စော (NP News) - နိုဝင်ဘာ ၇
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့သည် ဒုတိယမြောက် UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ရန် အတွက် တံဆိပ်တုံးထုရန်သာလိုကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT)မှ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Conversation Centre (YCC)၌ (နိုဝင်ဘာ ၆ ရက်)က ကျင်းပသော မြန်မာ့ရိုးရာပွဲဈေးတွင် မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့သည် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်ခဲ့ပြီဖြစ်၍ တရုတ် နိုင်ငံ၊ ဖူကျန်းပြည်နယ်၊ ရှမန်မြို့၌ လာမည့် ဒီဇင်ဘာလအစောပိုင်းတွင် ကျင်းပမည့် ယူနက်စကို၏ (၂၁) ကြိမ် မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အစိုးရချင်းကော်မတီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒါက ပဏာမ ပေါ့။ သုံးသပ်အကြုံပြုတဲ့အဖွဲ့ကနေ လုံးဝသဘောတူကြောင်း သုံးသပ်အကြုံပြုလိုက်တာ ဖြစ်ပါ တယ်။ ဒါကြောင့်မလို့ ရှမန်းမြို့မှာလုပ်မဲ့ (၂၁) ကြိမ်မြောက်အစည်းအဝေးမှာ ကျွန်မတို့သနပ်ခါးကိုသဘောတူပါ တယ်လို့ တုံးထုလိုက်ယုံပဲရှိပါတော့တယ်” ဟု ဒေါ်စန္ဒာခင်က ပြောသည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် (၂၀၂၀) ပြည့်နှစ်က တင်သွင်းခဲ့သော်လည်း လိုအပ်ချက်များရှိခဲ့၍ ယူနက်စကိုမှ ပြန်လည်ရေးသားတင်သွင်းစေ လိုခဲ့ခြင်းကြောင့် ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် မတ်လတွင် ထပ်မံတင်သွင်းခဲ့ကြောင်း သိရသည်။
“ယူနက်စကိုရဲ့အမွေအနှစ်ရဖို့ ကျွန်မတို့တင်သွင်းကြတယ်။ နိုင်ငံတိုင်းမှာ တင်သွင်းကြတယ်။ ထိုင်းနိုင်ငံမှာဆိုရင် (၈)ခု လောက်ရနေပြီ။ အိမ်နီးချင်းနိုင်ငံအနေနဲ့ပြောတာပေါ့နော်။ လာအိုဆိုရင် (၃၊ ၄)ခုလောက်ရှိပါတယ်။ အဲဒီလိုပဲ ပေါ့။ ကျွန်မတို့အိမ်နီးချင်းမှာ တရုတ်တို့ အိန္ဒိယဆိုရင် အများကြီး (၁၀)ဂဏန်း ကျော်ရနေကြပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ယူနက်စကို တင်ရန်အတွက် အမျိုးသားအဆင့် စာရင်းပြုစုထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စုစုပေါင်း (၂၂၈၉)ခု ရှိနေကြောင်း သိရသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် (၂၀၂၄) ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် UNESCO ၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့ပြီး ယခုအခါ မြန်မာ့သနပ်ခါးလိမ်းခြင်း ယဉ်ကျေးမှုဓလေ့ပါ စာရင်းဝင်လာပါက မြန်မာနိုင်ငံအတွက် ဒုတိယမြောက် စာရင်းဝင်ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

