
သန့်ဇင် (NP News) - နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ချင်းတွင်းမြစ်ဘေးရှိ ဟုမ္မလင်းမြို့သို့ ဝင်ရောက်မည့် ကုန်တင်စက်လှေများကို PDF အဖွဲ့က ရွှေပြည်အေးမြို့မှတစ်ဆင့် ရက်အကန့်အသတ်မရှိ ပိတ်ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန် ဆက်လက်မြင့်တက်နေကြောင်း ဒေသခံများက NP News သို့ပြောသည်။
ကုန်တင်စက်လှေများ ဟုမ္မလင်းမြို့သို့ဝင်ရောက်ခြင်းကို PDF အဖွဲ့က နိုဝင်ဘာလ (၃) ရက်မှစတင်ကာ ရက် အကန့်အသတ်မရှိ ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းကြောင့် လက်ရှိတွင် ရွှေပြည်အေးကမ်းနား၌ ကုန်တင်စက်လှေ များစွာ ပိတ်ဆို့နေကြောင်း သိရသည်။
“ဟုမ္မလင်းကို တက်မယ့် မော်တော်တွေ၊ မျှောတွေ၊ စက်လှေတွေအကုန်လုံးကို ရွှေပြည်အေးကနေ ပိတ်လိုက် တယ်။ အခုလ (၃) ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်မယ်လို့ ပြောတယ်။ သူတို့က ဘာကြောင့် ပိတ်တယ် ဆိုတာတော့ မပြောဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ကိုင်းအထက်ပိုင်းသို့တက်မည့် မော်တော်များကို ပိတ်ပင်ခြင်းကြောင့် ဟုမ္မလင်းမြို့နယ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၁၅,၀၀၀)၊ ဆန်တစ်အိတ်လျှင် (၃၂၀,၀၀၀) ကျပ်အထိ ရှိနေကာ ဝက်သားတစ်ပိဿာလျှင် ကျပ် (၈၀,၀၀၀)၊ ငါးတစ်ပိဿာ လျှင် ကျပ် (၇၀,၀၀၀) နှင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၅,၀၀၀) ကျပ်အထိ ဈေးမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
“မော်တော်တွေက ရွှေပြည်အေးကို အဝင်ခံတယ်။ ပိတ်နေတဲ့ မော်တော်တွေက ထွက်ချင်ပေမဲ့ အထွက်မခံဘူး။ အခုပိတ်နေတာက ရွှေပြည်အေးနဲ့ အောက်တစ်ဝိုက်မှာ မော်တော်တစ်တန်းကြီးပဲ။ သူတို့က အခွန်ကောက်စား နေတာ။ ရွှေပြည်အေးဂိတ်ဆုံးဆိုတော့ အဆင်မပြေဘူး။ ဟုမ္မလင်းက ဆင်းရင်တော့ ခွင့်ပြုတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ဟုမ္မလင်းသို့ မော်တော်များ တက်ရောက်ခွင့်ပိတ်ထားသည့်အပြင် ယခင်ကလည်း အခွန် မဆောင်သည့် မော်တော်တစ်စီးလျှင် ကျပ်သိန်း (၅၀၀) အထိ ဒဏ်ကြေးပေးဆောင်ရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“နောက်ပြီး ချင်းတွင်းမြစ်အတိုင်း တက်လာသမျှ မော်တော်တွေအကုန်လုံးက အခွန်ဆောင်ပြီး လက်မှတ်မပါရင် လည်း ဒဏ်ရိုက်တာ သိန်း (၃၀၀) ကနေ သိန်း (၅၀၀) အထိရှိတယ်။ ကျွန်တော်တို့ အိမ်နားက မော်တော်တောင် (၆) လ ကြာတယ်။ ရွှေပြည်အေးမှာ ပိတ်နေတာ (၂) လကြာတယ်။ မော်တော်တစ်စီးက အနည်းဆုံး (၂) လပဲ။ တချို့ဆို (၆) လ၊ (၇) လအထိ ပိတ်နေတဲ့ မော်တော်တွေလည်းရှိတယ်။ သူတို့ကလည်း ပိုက်ဆံမပေးနိုင်လို့ ပိတ်နေ တာလေ” ဟု ပြောသည်။
ထိုသို့ ကုန်တင်စက်လှေများ ဟုမ္မလင်းသို့ ဝင်ရောက်ခွင့် မပိတ်ပင်မီကလည်း စက်သုံးဆီတင် မော်တော်များထံမှ စက်သုံးဆီတစ်ပီပါလျှင် ကျပ် (၂၀၀,၀၀၀) အခွန်ကောက်ခံခဲ့ကြောင်းနှင့် စားသောက်ကုန်များအတွက်လည်း အခွန်အမျိုးမျိုး ကောက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။
“နောက်တစ်ခုက အဲဒီက တက်တုန်းက စက်သုံးဆီ တစ်ပီပါကို ကျပ် (၂) သိန်းတောင်းတယ်။ သူတို့ရန်ပုံငွေအတွက် ဖြစ်မှာပေါ့။ ရွှေပြည်အေးမှာကလည်း ရွှေမျှောတွေ ရှိသေးတယ်။ ရွှေပြည်အေးအောက်ဘက်က တဘောတို့၊ နန်းစက်တို့နား တစ်ဝိုက်မှာ အများကြီးရှိသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရေကြောင်းကုန်စည်ပို့ဆောင်ရေး အခက်အခဲအပြင် ကုန်လမ်းသယ်ယူပို့ဆောင်ရေးတွင်လည်း နယ်မြေအခက်အခဲ များစွာကြောင့် ဟုမ္မလင်းမြို့တွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ရာ သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက မျှော်လင့်နေကြောင်း သိရသည်။