
စော (NP News) - နိုဝင်ဘာ ၇
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်များတွင် ကတ်စက်ပိတ်ထားခြင်း (သို့မဟုတ်) ဖွင့်ထားခြင်း မရှိပါက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း ကတ်စက်ပိတ်ထားသည့် ယာဉ်များရှိနေဆဲဖြစ်ကြောင်း ကတ်အသုံးပြုများထံ NP News မှ မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
YPS ကဒ်စက်များ ပိတ်ထားသော ယာဉ်မောင်းများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မာန် က ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ (ဒီဇင်ဘာ ၁၉ ရက်) တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ဖူးသည်။
ကတ်စက်ပိတ်ထားသည့် YBS ယာဉ်များကို အရေးယူနိုင်ရန် စီးနင်းသူများအနေဖြင့် ယာဉ်လိုင်းနံပါတ်၊ ယာဉ်နံပါတ်ပြား၊ ဖြစ်ပွားသည့်အချိန်နှင့် နေရာတို့ကို တိတိကျကျဖြင့် တိုင်ကြားရန် လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် အကြွေမဆောင်ချင်သူများအတွက် YPS Card နှင့် YPS QR Code များဖြင့် ယာဉ်စီးခ ပေးချေနိုင်သော စက်များကို ယာဉ်လိုင်းပေါင်း (၁ဝဝ) ကျော်တွင် အသုံးပြုနိုင်ရန် တပ်ဆင်ထားသော် လည်း စက်လုံးဝ မတပ်ဆင် ထားသည့် ယာဉ်လိုင်းများလည်း ရှိနေကြောင်း သိရသည်။
“စီးနေကြ လိုင်းကားပဲ ညပိုင်းပေါ့။ နိုဝင်ဘာ (၂)ရက်နဲ့ (၃)ရက် ဆက်တိုက် စက်ကို ပိတ်ထားတာ။ ငွေသားပဲ ထည့်ခဲ့လိုက်ရတယ်။ သူတို့ကတော့ပျက်နေတယ်ပဲပြောတယ်။ တကယ်ပျက်မပျက်ကတော့ မသိဘူး။ မနက်ပိုင်း စီးတဲ့အချိန်ကြတော့ ပိတ်ထားတာမျိုးမရှိဘူး။ တစ်နေ့ကို လိုင်းကား အသွားအပြန် (၄)ဆင့်တောင် စီးနေတဲ့လူဆို တော့ ကားတိုင်း စက်ကိုပိတ်ထားတာမဟုတ်ဘူး။ အချိန်တိုင်းလည်း စက်ကိုပိတ်ထားလည်းမဟုတ်ဘူး။ စက်ပိတ် ထားတဲ့ကားနဲ့ ကြုံရတာမျိုးတော့ ရှိတယ်” ဟု YBS နေ့စဉ် စီးနင်းနေသူ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက ပြော သည်။
အချို့ယာဉ်မောင်းများသည် YPS ကတ်စက်များကို အချိန်ပြည့်ပိတ်ထားခြင်း၊ နေ့စဉ်ပိတ်ထားခြင်းမျိုးမဟုတ်ဘဲ ခရီးသည်အတက်အဆင်းများသည့် မှတ်တိုင်၊ လမ်းကြောင်းများနှင့် ခရီးသည်စီးနင်းမှုများပြားသည့် အချိန်များတွင် သာ အဓိကပိတ်ထားကြောင်း သိရသည်။
“တစ်ချို့ကားသမားတွေဆိုရင်လေ စက်ကို မြင်သာတဲ့နေရာမှာ တပ်ထားတာမဟုတ်ဘူး။ မသိတဲ့လူတွေဆိုရင် ငွေသားထည့်လိုက်ကြမှာ။ မတပ်ထားဘူးလားမေးရင် တပ်ထားတယ်။ စက်ကလည်း ဖွင့်ထားတယ်။ ယာဉ်မောင်း ဘက်ခြမ်းလှည့်ထားတာတို့ဆို တော်ယုံမြင်ဖို့ခက်တယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြော သည်။
ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွင် အသုံးပြုလျက်ရှိသည့် YPS ကတ်စနစ်သည် လုပ်ငန်း လည်ပတ်မှု စတင်ခဲ့သည့် (၂၀၂၀) ပြည့်နှစ်မှ ယခု (၆) နှစ်တာကာလအတွင်း YPS Card ကတ်ကို နေ့စဉ် အသုံးပြုသူမှာ (၄၄၇,၀၀၀) ခန့် ရှိကြောင်း သိရသည်။
YPS ကတ်များ၏ ဈေးနှုန်းမှာ အလှကတ်တစ်ကတ်လျှင် ငွေသားမပါ ငွေကျပ် (၁၀,၀၀၀) ဖြစ်ပြီး ရိုးရိုးကတ် တစ်ကတ်လျှင် ငွေသား(၁,၀၀၀) အပါ ငွေကျပ် (၁၀,၀၀၀) ဖြစ်ကြောင်း သိရသည်။
